Main menu

မွေးမြူရေးကျွဲ၊ နွား တိရစ္ဆာန်များအတွက် အာဟာရဓာတ်ပြည့်ဝစွာရရှိစေနိုင်သော နေဗီယာမြက်များ စိုက်ပျိုးသင့်

Powered by Drupal

             မကွေးတိုင်းဒေသကြီးအတွင်း မွေးမြူရေးနှင့်စိုက်ပျိုးရေးကို တွဲဖက်လုပ်ကိုင်ကြသော တောင်သူ များအနေဖြင့် မိမိတို့မွေးမြူထားသော ကျွဲ၊ နွား တိရစ္ဆာန်များအတွက် အာဟာရနှင့်အသားဓာတ် ပိုမို ပြည့်ဝစွာရရှိနိုင်ရန် နေဗီယာမြက်များကို စနစ်တကျတွင်ကျယ်စွာ စိုက်ပျိုးသင့်ကြောင်း မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ အသိပညာပေးလျက်ရှိကြောင်း သိရှိရပါသည်။

              နေဗီယာမြက်ကို မြေအစိုဓာတ်ရရှိနိုင်သော လယ်ယာမြေများတွင် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး မြေယာများကိုပြုပြင်၍ စနစ်တကျစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီးရက်မှစ၍ (၄၅)ရက်အကြာ၌ အတက် ပြန်ထွက်ရန် အနည်းငယ်ချန်၍ ရိတ်သိမ်းနိုင်ကြောင်း၊ သို့မှသာ အတက်ငယ်မြက်နုလေးများ ပြန်လည် ထွက်ရှိပြီး မကြာခဏရိတ်သိမ်းနိုင်ကြောင်း၊ မျိုးများတိုးချဲ့စိုက်ပျိုးရာတွင် စိုက်ပျိုးလွယ်ကူပြီး ပထမ စိုက်ပျိုးထားသောကိုင်းအရင့်များကို တစ်ထွာခန့်ဖြတ်တောက်ပြီး မြေအစိုဓာတ်ရရှိသောနေရာတွင် ထိုးစိုက်၍ ပြန်လည်စိုက်ပျိုးနိုင်ကြောင်း၊ နေဗီယာမြက်တစ်ဧကလျှင် အစိုတန်(၁၀၀)မှ တန်(၁၂၀)ခန့် အခြောက်ထားလျှင် (၂၅) တန်ခန့် ထွက်ရှိကြောင်းလည်း သိရှိရပါသည်။

             မွေးမြူရေးနှင့်စိုက်ပျိုးရေးကို တွဲဖက်လုပ်ကိုင်နေကြသော ဒေသခံတောင်သူများအနေဖြင့် နေဗီယာမြက်အား စနစ်တကျစိုက်ပျိုးပြီး တိရစ္ဆာန်စာများကို ကျွေးမွေးခြင်းအားဖြင့် သာမန်အစာဖြစ်သည့် ရိုးရိုးမြက်၊ ကောက်ရိုးနှင့် နှံစားပြောင်းများထက် နို့နှင့်အသားအထွက်နှုန်းပိုမိုကောင်းမွန်ပြီး လိုအပ် သောအစာအာဟာရဓာတ်နှင့်အသားဓာတ် ပမာဏများစွာရရှိနိုင်ကြောင်း၊ ထို့ပြင် နေဗီယာမြက်ကို ကျွဲ၊ နွား၊ သိုး၊ ဆိတ်များအပြင် ကြက်နှင့်ဝက်များကိုလည်း အမှုန့်ကြိတ်ပြီး ဆန်ကွဲ၊ ဖွဲနု၊ ဖွဲကြမ်းတို့ဖြင့် ရော၍ ကျွေးမွေးနိုင်ကြောင်းလည်း သိရပါသည်။

           မင်းဘူး(စကု)မြို့နယ်တွင်လည်း ဒေသတွင်းတိရစ္ဆာန် အစားအစာဖူလုံစေရေးအတွက် မွေးမြူ ရေးတောင်သူ(၁၅)ဦး၏ လယ်ယာမြေများတွင် စံပြစိုက်ခင်းအဖြစ် (၁၀)ဧက စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ ထို့အပြင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၂)မြို့နယ်တွင်လည်း နေဗီယာမျိုးချောင်း တစ်သိန်းတစ်သောင်း ဖြန့်ဖြူးပေးသွားမည်ဟုလည်း တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)