Main menu

မိသားစုတစ်ပိုင်တစ်နိုင် အသင့်စားငရုတ်သီး ဆီကြော်အနှစ်လုပ်ငန်း

Powered by Drupal

         ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှုးရုံး၊ လားရှိုးမြို့မှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် (၂၈.၆.၂၀၂၂)ရက်နေ့၊ နံနက်(၁ဝး၀၀)နာရီအချိန်တွင် မယ်ဟန်ကျေးရွာအုပ်စု၊ နမ့်ခိုက်ကျေးရွာရှိ ဒေါ်မျက်မှန် အမှတ်တံဆိပ် ငရုတ်သီးဆီကြော်အနှစ် စားသောက်ကုန်လုပ်ငန်းထုတ် လုပ်ဖြန့်ဖြူးရောင်းချသော  နေရာသို့သွားရောက်ပြီး ဈေးကွက်၊ ဈေးနှုန်း အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရှိရပါသည်။

          လုပ်ငန်းရှင်၏ပြောပြချက်အရ ငရုတ်သီးအနှစ်ဖြင့် ပြုလုပ်ထားသည့် ငရုတ်သီးဆီကြော် အနှစ်တွင် အဓိကပါဝင်သော ကုန်ကြမ်းများမှာ ငရုတ်သီးအစိမ်း၊ ကြက်သွန်ဖြူ၊ ရှမ်းနံနံပင်၊ ဆား၊ သကြား၊ ငံပြာရည်စသည်တို့ပါဝင်ပြီး ပဲပိစပ်ဆီ၊ နေကြာဆီနှင့်ပဲဆီတို့အသုံးပြု၍ ကြော်ထား ကြောင်း သိရှိရပါသည်။ အဆိုပါငရုတ်သီးဆီကြော်အနှစ်လုပ်ငန်းကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လတွင် စတင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခဲ့ပြီး ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလအတွင်း လားရှိုးမြို့၌ ကျင်းပပြုလုပ်သော တရုတ်(လင်ချန်း) - မြန်မာ(လားရှိုး)နယ်စပ်စီးပွားရေးနှင့်ကုန်စည်ပြပွဲတွင် ပြသရောင်းချခဲ့ရာ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Ms.Li Xzaoyanm ကိုယ်တိုင်လာရောက်၍ အရသာမြည်းစမ်း ကြည့်ရာ ကောင်းမွန်ကြောင်း ချီးမွမ်းခံခဲ့ရပါကြောင်း၊ ထို့အပြင် ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလတွင်    ရန်ကုန်မြို့၊ ကျိက္ကဆံအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သော သွေးချင်းတို့ရဲ့ ပွဲတော်ဆီတွင် လည်း ပြသရောင်းချခဲ့ရာ လာရောက်ဝယ်ယူခဲ့သော တိုင်းရင်းသားအသီးသီးတို့၏ အသိမှတ်ပြုခြင်း ကိုလည်းရရှိခဲ့ပါကြောင်း သိရှိရပါသည်။

          ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လက်လီတစ်ပုလင်း(၄၀၀၀)ကျပ်၊ လက်ကားတစ်ပုလင်း (၃၅၀၀) ကျပ်ဈေးဖြင့် လားရှိုးမြို့အတွင်းသာမက အွန်လိုင်းမှတစ်ဆင့်လည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ လူကြိုက်များ၍ ရောင်းအားကောင်းသော်လည်း ကိုဗစ် – ၁၉ ရောဂါ ဖြစ်ပွားမှုအခြေ အနေနှင့် လိုအပ်သောကုန်ကြမ်းများ ဈေးနှုန်းမြင့်တက်လာမှုတို့ကြောင့် ယခင်တစ်လလျှင်(၁၀) ပိဿာပြုလုပ်ပြီး ပုလင်း(၈၀)ထွက်ရှိ ရောင်းချနိုင်ခဲ့သော်လည်း ယခုအခါ ထုတ်လုပ်သည့်ပိဿာ အချိန်လျော့ချ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

          သို့ဖြစ်ပါ၍ ငရုတ်သီးဆီကြော်အနှစ်လုပ်ငန်းသည် မိသားစုပုံမှန်ဝင်ငွေရရှိနေပြီး တစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းတစ်ခုအဖြစ် အဆင်ပြေလျက်ရှိပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)