Main menu

ကုန်သွယ်ကဏ္ဍမြှင့်တင်ဖို့ SPS ကို အလေးပေးဆောင်ရွက်စို့

Powered by Drupal

            မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိကအသက်မွေးဝမ်းကြောင်းပြုသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် နှစ်စဉ်စိုက်ပျိုးရေးကဏ္ဍမှ ပြည်တွင်းစားသုံပိုလျှံသည့် စိုက်ပျိုးရေးထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ နိုင်ငံခြားဝင်ငွေ အများဆုံးရှာဖွေနိုင်သည့် ကဏ္ဍတစ်ရပ်လည်းဖြစ်ပေသည်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသော စိုက်ပျိုးရေးထွက်ကုန်များမှာ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ငရုတ်၊ ကြက်သွန်၊ ပြောင်း၊ သရက်၊ ဖရဲ၊ ငှက်ပျော၊ မြေပဲ၊ နှမ်းစသည့် ကုန်စည်များဖြစ်ပြီး အခြားသော ရေထွက်ကုန်ပစ္စည်းများ၊ တိရိစ္ဆန်ထွက်ပစ္စည်းများကိုလည်း တင်ပို့ရောင်းချ လျက်ရှိသည်။

         ၁၉ရာစုနှောင်းပိုင်းကာလတွင် စက်မှုထွန်းကားလာပြီး မြို့ပြလူဦးရေလည်းတိုးပွား လာသကဲ့သို့ လူထုကျန်းမာရေးပြသနာများလည်းသိသိသာသာ ဖြစ်ပွားလာသဖြင့် ထိန်းချုပ်ရေးနည်းလမ်းအဖြစ် အစားအစာဥပဒေများထွက်ပေါ်လာပြီး ယခုအခါတွင်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကုန်သွယ်မှုပြုရာတွင် သက်ဆိုင်ရာနိုင်ငံအလိုက်သတ်မှတ်ထားသည့် ဥပဒေများ၊ SPS၊ Food Safety နှင့် နိုင်ငံတကာစံချိန်စံညွှန်းများဖြစ်သော ISO Standards များနှင့် ကိုက်ညီမှုရှိမှသာ ကုန်သွယ်ခွင့်ပြုသည်အထိ ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက် များရှိလာသည်ကို မျက်မြင်ကြုံတွေ့နေရပေသည်။

              လွတ်လပ်သောကုန်သွယ်ရေး (Free Trade) စနစ်ပေါ်ထွက်လာပြီးနောက် လယ်ယာ ထွက်ကုန်များအပေါ် ကန့်သတ်ချက်များ လျော့ကျလာခြင်း၊ အခွန်အခများလျော့နည်း လာခြင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စိုက်ပျိုးရေးထွက်ကုန်များတင်ပို့ရောင်းချရန် အခွင့်အရေးများရှိလာသော်လည်း တင်သွင်းမည့်နိုင်ငံများ၏ SPS ပြဌာန်းချက်များကြောင့် ကုန်သွယ်မှုပြုလုပ်ရန် အခက်အခဲများနှင့်ရင်ဆိုင်ရပြီး အခွင့်အရေးများဆုံးရှုံးနေရဆဲ ဖြစ်ပါ သည်။ ဖွံ့ဖြိုးပြီးနိုင်ငံအချင်ချင်းကုန်သွယ်မှုပြုရာတွင် ကုန်သွယ်ရေးအခက်အခဲမရှိ သော်လည်း ဖွံ့ဖြိုးပြီးနိုင်ငံနှင့်ဖွံ့ဖြိုးဆဲနိုင်ငံအကြားကုန်သွယ်မှုပြုရာတွင် SPS Measures သည် အဓိကပြသနာတစ်ရပ်အဖြစ် ရင်ဆိုင်နေရသည်ကို သိသိသာသာမြင်တွေ့နေရသည်။

              မြန်မာနိုင်ငံတွင်လည်း EUနိုင်ငံများ၊ ဂျပန်နိုင်ငံ၊ စင်္ကာပူ၊ ဩစတေးလျ၊ နယူးဇီလန် စသည့်ဖွံ့ဖြိုးပြီးနိုင်ငံများသို့ကုန်စည်များတင်ပို့ရာတွင်သက်ဆိုင်ရာကုန်စည်အမယ်အလိုက်သတ်မှတ်ထားသည့် ISO standards၊ Codex Standards (Food Safety၊ HACCP)၊ SPS Measures များနှင့်ကိုက်ညီစွာ ထုတ်လုပ်ထားသည့် ကုန်စည်များကိုသာ တင်ပို့ရကြောင်းနှင့် သက်ဆိုင်ရာ အထောက်အထားများ၊ စစ်ဆေးချက်သက်သေခံမှတ်တမ်းများအား ကုန်သွယ်မှု ပြုလုပ်မည့်နိုင်ငံသို့ Sampleနှင့်တကွ ကြိုတင်ပေးပို့ရကြောင်း လုပ်ငန်းရှင်များထံမှ သိရှိပါသည်။

           SPS Measures ဆိုသည်မှာ Sanitary and Phytosanitary Measures ဖြစ်ပြီး လူ၊ တိရိစ္ဆာန်၊ အပင်များ ကပ်ရောဂါဘေးအန္တရာယ်၊ အဆိပ်အတောက်များ၊ ကူးစက်ရောဂါများ ပြန့်ပွားကျရောက်မှုကို ကြိုတင်ကာကွယ်နိုင်သော အစီအမံများဖြစ်ပါသည်။ SPS Measures ဟုဆိုရာတွင် အစားအစာကွင်းဆက်တလျောက် စိုက်ခင်းမှသည် စားပွဲပေါ်ရောက်သည်အထိ လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ပါဝင်ပတ်သတ်သူများအားလုံး လိုက်နာရမှာဖြစ်သဖြင့် တောင်သူများလည်း သတိပြုလိုက်နာဆောင်ရွက်ရန် အရေးပါသည့်အချက်ဖြစ်ပြီး  ၎င်းလုပ်ငန်းစဉ်များကို ရိုးရှင်းစွာဆောင်ရွက်နိုင်ပါသည်။ ဥပမာ - သီးနှံထွက်ကုန်များကို ကိုင်တွယ်ရာတွင် သန့်ရှင်းသောလက်ဖြင့် ကိုင်တွယ်ရန်ဖြစ်ပြီး မိမိအိမ်တွင် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်သကဲ့သို့ပင် ပြုမူရမှာဖြစ်ပါသည်။ မိမိအိမ်တွင် ကလေးများအား ရေအိမ်သုံးပြီးတိုင်းနှင့် အစားမစားမီ လက်ဆေးရန် သင်ကြားပေးသကဲ့သို့ SPSဆိုင်ရာ ဆောင်ရွက်မှုများလည်း အလားတူလေ့ကျင့် လိုက်နာဆောင်ရွက်ရခြင်းပင် ဖြစ်ပါသည်။ ဤနည်းအားဖြင့် SPS Measuresသည် အစာကွင်းဆက်တစ်လျောက် ရောဂါ ဖြစ်စေသောသက်ရှိ၊ ဓါတ်ကြွင်းနှင့် အဆိပ်အတောက်ပျံ့နှံ့မှုများကို တားဆီးဟန့်တား ပေးနိုင်သည့် နိယာမကိုအခြေခံထားခြင်း သာဖြစ်ပါသည်။ ကျွန်ုပ်တို့သတိထားရမှာက SPS ဆိုင်ရာ သတ်မှတ်ချက်တွေကို လိုက်နာခြင်းဟာ နိုင်ငံတကာသို့ရောင်းဝယ်မှုပြုရန်၊ ဈေးကောင်းရရန်အတွက်သာမဟုတ်ပဲ မိမိနှင့်မိမိ၏မိသားစု၊ မိတ်ဆွေအားလုံး၊ ကျွန်ုပ်တို့၏ သီးနှံ/ထုတ်ကုန်ကို စားသုံးကြပြီး အတိုးဆုံးသော ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက်နှင့် ဆက်စပ်လျက်ရှိသော မိမိ၏မိသားစု၊ မိတ်ဆွေများသည်ပင် ပထမဆုံး ထိခိုက်ခံရမှု အများဆုံးသူများ ပင်ဖြစ်ပေသည်။

          SPS ဆိုင်ရာလုပ်ငန်းစဉ်အဆင့်ဆင့်တွင် ထုတ်ကုန်ဆိုင်ရာ မဖြစ်မနေဖော်ပြရန် လိုအပ်သည့်အချက်အလက်များ (End Product Criteria)၊ ထုတ်လုပ်မှုနည်းစဉ်နည်းလမ်း များ (Process and Production Method)၊ စစ်ဆေး၊ စမ်းသပ်၊ စစ်ဆေးချက်လက်မှတ် ထုတ်ပေးသည့်လုပ်ငန်းစဉ်များ(Testing, Inspection and Certification Approval Procedures)၊ တားမြစ်ထိန်းချုပ် လုပ်ငန်း စဉ်များ(Quarantine)၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးနှင့် တိုက်ရိုက်သက်ဆိုင်သော ထုတ်ပိုးမှုစနစ်၊ အမှတ်တံဆိပ်ဆိုင်ရာ လိုအပ်ချက် များ(Packaging and Labeling Requirements)စသည့် လုပ်ငန်းစဉ်များ လည်းပါဝင်ပါသည်။ World Trade Organization (WTO) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အနေဖြင့် ၁၉၉၄ခုနှစ်တွင် ကျင်းပခဲ့သော ဥရုဂွေးအစည်း အဝေးအပြီးမှာ အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်အရ SPS Agreement ကို လက်မှတ် ရေးထိုးခဲ့ပြီး အဆိုပါ သဘောတူစာချုပ်၏အဓိကအကြောင်းရင်း ၂ ရပ်မှာ (၁)အဖွဲ့ဝင်နိုင်ငံများ၏ လူ၊ တိရိစ္ဆာန်၊ အပင် ကျန်းမာရေးနှင့်ပြည့်စုံပြီး ကူးစပ်ရောဂါအန္တရာယ် ကျရောက်ခြင်းမှကာကွယ်ရေး (Protect and improve the current human- health, animal health, and phytosanitary Situation of all Member countries) နှင့် (၂)အဖွဲ့ဝင်နိုင်ငံများ၏ မတူကွဲပြားသည့် SPS စံချိန်စံညွှန်းများကြောင့်ဖြစ်ပေါ်လာနိုင်သော ကုန်သွယ်ရေးမညီမျှများ အား အကာအကွယ်ပေးရန် (Protect Members from arbitrary or unjustifiable discrimination due to different SPS standards) တို့ဖြစ်ကြောင်း၊ SPS သဘောတူညီချက် အပါအဝင် WTO၏ အခြားသော ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် များသည် ၁၉၉၅ခုနှစ် နောက်ပိုင်းတွင် ကမ္ဘာ့နိုင်ငံများအတွင်း ကုန်သွယ်မှုပြုရာတွင် တွင်တွင်ကျယ်ကျယ် အသုံးချရန်တွန်းအား တစ်ရပ်ဖြစ်လာကြောင်း လေ့လာမှုအရသိရှိရ ပါသည်။

           မြန်မာနိုင်ငံမှချမှတ်ဆောင်ရွက်လျက်ရှိသော SPS Measures များသည် Codex (ASEAN) နှင့် OIE Standard များအတိုင်းလိုက်နာဆောင်ရွက်လျက်ရှိပြီး ထိုသို့ ကိုက်ညီမှု ရှိရန်ဆောင်ရွက်မှုသည် မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေဆဲ ပင်ဖြစ်ပါသည်။ SPS Measures ဆိုင်ရာကိစ္စရပ်များကို စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပေး လျက်ရှိပါသည်။

             ယခုအခါ မြန်မာနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင် အဖွဲ့(General Administration of Customs of the People’s Republic of China-GACC) တို့အကြား ချုပ်ဆိုခဲ့သည့် စာချုပ်အရ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့မည့်ကုန်စည် (၁၈)မျိုးအတွက် GACC မှတ်ပုံတင်ရန်နှင့် ကုန်စည်များအား SPS Measureများနှင့်ကိုက်ညီမှုရှိမှသာ တင်ပို့ခွင့် ရမည်ဖြစ်ကြောင်း  GACC၏ ကြေငြာချက်အမှတ် (၂၄၈)တွင် ဖော်ပြထားပါသည်။

            အဆိုပါကုန်စည်(၁၈)အုပ်စုတွင် (၁) အသားနှင့်အသားထုတ်ကုန်များ၊ (၂) ရေထွက် ကုန်များ၊ (၃) နို့ထွက်ပစ္စည်းများ၊ (၄) ငှက်သိုက်နှင့်ဆက်စပ်ထုတ်ကုန်များ၊ (၅) Casings၊ (၆) Edible Fats and Oil၊(၇) Stuffed Pastry Products၊ (၈) Edible Grains၊ (၉) Grains Milling industrial products and Malt၊ (၁၀) Fresh and dehydrated Vegetables and Dried Beans၊ (၁၁)  Seasonings၊ (၁၂) Nuts and Seeds၊ (၁၃) Dried Fruits၊ (၁၄) Unroasted coffee beans and cocoa beans၊ (၁၅) Functional Foods၊ (၁၆) Bee Products၊ (၁၇) Bee Products နှင့် (၁၈) Food for Special Dietary Purpose  တို့ပါရှိပြီး ၁.၁၂.၂၀၂၁ မှ ၁၇.၆.၂၀၂၂ရက်နေ့ထိ  ကုန်စည်အုပ်စု (၁၆ )ခုအတွက် ကုမ္ပဏီများ/စက်ရုံများ ၇၇၅ခု၏ အဆိုပြုတင်ပြလွှာ ၁၄၃၉ စောင်အား  GACCတွင် မှတ်ပုံတင်ခွင့်ရရှိရန် ပေးပို့ လျှောက်ထားပြီးဖြစ်ကြောင်း၊ GACC မှမှတ်ပုံတင်ပြီးဖြစ်သည့် မြန်မာနိုင်ငံမှ  လုပ်ငန်းစာရင်း များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ GACC ၏ ပြတင်းတစ်ပေါက် အစီအစဉ်ဖြစ်သည့် https:// ciferquery.singlewindow.cn Website တွင် ဖော်ပြထားကြောင်း သက်ဆိုင်ရာ ဌာနများမှသိရှိရပါသည်။

              GACCသို့ မှတ်ပုံတင်ခွင့်လျှောက်ထားရာတွင် SPS Protocol ပါသတ်မှတ်ချက်များနှင့် ပြည့်စုံကိုက်ညီမှုရှိစေရန် အထူးအလေးပေးဆောင်ရွက်ရမည်ဖြစ်ပါသည်။ SPS Protocol ပါသတ်မှတ်ချက်များနှင့် ပြည့်စုံကိုက်ညီမှု ရှိစေရန်အတွက် လုပ်ငန်းရှင်များအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့် ရှိသော်လည်း အခြေခံကျသည့် အချက်များမှာ မိမိဝယ်ယူမည့်ကုန်ပစ္စည်းအရည်အသွေးအား စိစစ်ဝယ်ယူခြင်း၊ ပိုးသတ်ဆေးဓါတ်ကြွင်း ပါဝင်မှု၊ ဓါတုဓါတ်ကြွင်းပါဝင်မှုစသည့် အချက်များအားသတိပြုရွေးချယ်ဝယ်ယူပြီး မိမိတို့ သိုလှောင်မည့် ကုန်ပစ္စည်း၏သဘော သဘာဝနှင့် ကိုက်ညီသည့် သိုလှောင်ရုံတည်ရှိခြင်းနှင့် (Good Warehousing Practices)နှင့်အညီ ကုန်တင်ခုံများဖြင့်သိုလှောင်ခြင်း၊ ကုန်ပစ္စည်းများ အား နံရံနှင့်လူတစ်ကိုယ်စာ သွားလာနိုင်သောအကွာအဝေး (၂ပေခန့်)ခွာ၍ သိုလှောင်ခြင်း၊ သိုလှောင်ရုံကြမ်းပြင်၊ အမိုးများ၊ နံရံများအား သန့်ရှင်းရေး ပြုလုပ်ရန်လွယ်ကူပြီး ပိုးမွှားများ ကပ်တွယ်ခိုးအောင်းနိုင်ခြင်း မရှိစေရန်ချောမွေ့အောင် စီမံထားခြင်း၊ ကုန်ပစ္စည်း သိုလှောင်စဉ် ပိုးသတ်မှိုင်းတိုက်ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ပိုးမွှားကင်စင်ကြောင်း သက်သေခံလက်မှတ်များထားရှိခြင်း၊ ကုန်ပစ္စည်းများ မှိုမပေါက်စေရန် မြေကြီး၊ အပင် အကြွင်းအကျန်နှင့် အခြားအရောအနှောများ ကင်းရှင်းစေခြင်း၊ ကုန်ပစ္စည်းသိုလှောင်ရုံအတွင်း (၁၀၀)စတုရန်းမီတာလျှင် မီးထောင်ချောက တစ်ခု နှုန်းထားပြီးပိုးမွှား ကျရောက်မှုထိန်းချုပ်ခြင်း စနစ်များစီမံထားရှိခြင်း၊မီးထောင်ချောက်မှ ဖမ်းဆီးရရှိသော ပိုးမွှားများအား စုဆောင်း၍ စစ်ဆေး ရန်နှင့် ပိုးမွှား အမျိုးအစားခွဲခြားရန် စိုက်ပျိုးရေး ဦးစီးဌာန သီးနှံကာကွယ်ရေးဌာနသို့ ပေးပို့စစ်ဆေးပြီး သက်သေခံလတ်မှတ်များ ပြုစုထားရှိခြင်း၊ တင်ပို့ခြင်းမပြုမီ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့မှ အသိအမှတ်ပြုလက်မှတ် ရရှိထားသော အဖွဲ့နှင့် အဆိပ်ငွေ့ပိုးသတ် မှိုင်းတိုက်ခြင်းပြုလုပ်ခြင်း၊  ဖျက်ပိုးကင်းရှင်းပါက ယင်းလုပ်ငန်း လိုင်စင်ရရှိသူမှ ထုတ်ပေး သောပိုးသတ်မှိုင်းတိုက်ပြီးကြောင်း သက်သေခံလက်မှတ် (Fumigation Certificate)များ နှင့်အတူပိုးမွှားကင်းစင်ကြောင်း သက်သေခံလက်မှတ်လျှောက်ထားခြင်း၊ ဖျက်ပိုးနှင့် ကြွက်များဝင်ရောက်ဖျက်ဆီးခြင်းမရှိစေရန် ထောက်ချောက်များ ထားရှိခြင်း၊ ကုန်ပစ္စည်း၏ နမူနာကောက်ယူခြင်း (Sampling)၊ အရည်အသွေးစစ်ဆေးခြင်း (Testing)နှင့် မှတ်တမ်းများ ထားရှိခြင်း(Record and Documentations)၊ မိမိကုန်ပစ္စည်းများအား တိုက်ရိုက်ကိုင်တွယ် မည့် လုပ်သားများ၏ ကျန်းမားရေးအခြေအနေနှင့် တကိုယ်ရည် သန့်ရှင်းရေးအလေ့ အကျင့်များ(Good Hygiene Practices)အားစနစ်တကျ လေ့ကျင့် လိုက်နာ စေခြင်း၊ (ဥပမာ- နှာခေါင်းစည်း၊ ခေါင်းဆောင်း၊ လုပ်ငန်းသုံးဝတ်စုံ၊ ဖိနပ်များစီမံထားရှိခြင်း၊ လုပ်သား အဝတ်လဲခန်းထားရှိခြင်း၊ လုပ်သားနားနေဆောင်ထားရှိပြီး လုပ်သားများ အစားစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ တယ်လီဖုန်းပြောဆိုခြင်း၊ ပီကေစားခြင်း စသည် တို့အား နားနေဆောင်တွင်သာ စားသောက်ပြုမူစေခြင်း၊ လုပ်သားများအတွက် လက်ဆေး ဘေစင်၊အမှိုက်ပုံးနှင့် အိမ်သာများလုံလောက်စွာထားရှိပေးခြင်း၊ လုပ်သားကျန်းမားရေး စစ်ဆေးပေးခြင်း၊ သန့်ရှင်းရေးစနစ်တကျ ဆောင်ရွက်စေခြင်းစသည့် အချက်များဖြစ် ပါသည်။ ၎င်းအခြေခံအချက်များကို လိုက်နာဆောင်ရွက်ပါက လုပ်ငန်းရှင်များ အနေဖြင့် SPS Measures များ ကိုအလွယ်တကူကျော်ဖြတ်နိုင်မည်သာဖြစ်ပါသည်။

               ကုန်သွယ်မှုပြုရာတွင် SPS Measure သည်အလွန်အရေးပါပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့်အတွက် SPS ဆိုင်ရာအရည်အသွေးပြသနာများနှင့် ရင်ဆိုင်ရသည့် သာဓကများ ရှိပါသည်။ သီရိလင်္ကာနိုင်ငံနိုင်ငံတွင် ဟင်းခက်အမွှေးအကြိုင်များတွင် SPS ဆိုင်ရာ အရည်အသွေးပြသနာများဖြစ်သည့် မှိုပေါက်ခြင်း၊ အစိုဓါတ်မြင့်မားခြင်း၊ အာဖာလာ တော့ဆင်မှိုဆိပ်များပါရှိသောကြောင့် ၁၉၉၀-၂၀၀၀ခုနှစ်အတွင်း နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၂.၃သန်းဆုံးရှုံးရပြီး အလုပ်အကိုင်အခွင့်အလမ်း ၂၄၀၀ ဆုံးရှုံးခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၏ သရက်သီးများ ပြည်ပနိုင်ငံသို့ တင်ပို့ရာတွင်လည်း ပိုးသတ်ဆေးဓါတ်ကြွင်း မြင့်မားစွာပါဝင်မှုကြောင့် အမေရိကန်ပြည်ထောင်စုအပါဝင် ဂျပန်၊ ဩစတျေးလျနှင့် အီးယူ နိုင်ငံများမှ တင်သွင်းမှုများ ရပ်ဆိုင်းခဲ့ခြင်းများရှိခဲ့ဖူးကြောင်း Codex အဖွဲ့၏လေ့လာမှုများ အရသိရှိရပြီး မြန်မာနိုင်ငံမှ EU သို့တင်ပို့သည့်ပဲတီစိမ်းများတွင် E-coli ဝမ်းကိုက်ပိုး ပါဝင်သဖြင့် EU မှ လက်မခံဘဲ မြန်မာနိုင်ငံသို့ ပြန်လည်တင်ပို့ခံရသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

         SPS Measures ဆိုင်ရာပြသနာများကျော်လွှားနိုင်ရန်အတွက် အစိုးရပိုင်းဆိုင်ရာ ပံ့ပိုးမှု သာမက လုပ်ငန်းရှင်များ၊ လုပ်သားများပါ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လည်း အထူးလိုအပ်လှပါသည်။ အစိုးရပိုင်းမှလည်း SPS Measures ဆိုင်ရာ အသိပညာပေး လုပ်ငန်းများ အားစိုက်လုပ်ဆောင်သကဲ့သို လုပ်ငန်းရှင်များမှလည်း လိုအပ်သည့် infrastructures၊ အချိန်၊ ငွေကြေး၊ လူအင်အားစသည့် အရင်းအမြစ်များပြည့်စုံစွာဖြင့် လိုက်ပါဆောင်ရွက်ပါက အရည်အသွေးပြည့်ဝသော ကုန်ပစ္စည်းများထုတ်လုပ်လာနိုင်ပြီး ပြည်ပဈေးကွက်များ၊ ကုန်ပစ္စည်းအရည်အသွေးအလိုက်ဈေးကောင်းများ  ပိုမိုရရှိလာကာ ကုန်သွယ်ကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ ထိုသို့ဖြင့် စိုက်ပျိုးရေး တောင်သူ များ၏ ဝင်ငွေများတိုးပွားလာသကဲ့သို့ ပြည်တွင်းစားသုံးသူများလည်း အရည်အသွေး ပြည့်ဝပြီး အန္တရာယ်ကင်းရှင်းသော အစားအစားများကို ပိုမိုစားသုံးနိုင်ကာ ကျန်းမာ သန့်ရှင်းသော လူမှု့ပတ်ဝန်ကျင်းကောင်းများ ရရှိလာမည်မှာမလွဲကြောင်း၊ သို့ပါ၍ မိမိနှင့် မိမိပတ်ဝန်ကျင်၊ မိမိနိုင်ငံအတွက်အကျိုးကျေးဇူးများစွာ ရရှိနိုင်သဖြင့်  သက်ဆိုင်ရာကဏ္ဍ အလိုက် SPS Measures ဆိုင်ရာသတ်မှတ်ချက်များကို အလေးပေးလိုက်နာ ဆောင်ရွက် နိုင်ရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

DOCA(မန္တလေး)