Main menu

 “အိမ်တွင်းမှု တစ်ပိုင်တစ်နိုင်အထည်ချုပ်လုပ်ငန်းဖြင့် ဝင်ငွေကောင်းနေ”

Powered by Drupal

                စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်စန်းမြင့်ရီသည် တိုင်း/ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပြည်တွင်း ထုတ်ကုန်ကဏ္ဍတိုးတက်စေရေးအတွက် အိမ်တွင်းအထည်ချုပ်လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်နှင့်(၂၉.၆.၂၀၂၂)ရက်နေ့၊ နေ့လည်(၁၂:၀၀) နာရီအချိန်တွင် သွားရောက်တွေ့ဆုံမေးမြန်း ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် လုပ်ငန်းရှင် ဒေါ်စန်းစန်းမော်၏ ပြောကြားချက်အရ အိမ်တွင်းအထည်ချုပ် လုပ်ငန်းအား(၁၉၁၆-၁၉၁၇)ခုနှစ်တွင် အပ်ချုပ်စက်(၇)လုံးဖြင့် စတင်လုပ်ကိုင်ခဲ့ပြီး ကျွမ်းကျင် အလုပ်သမား(၁၀)ယောက်နှင့် လုပ်ကိုင်နေကြောင်း၊ အဓိကအနေဖြင့် အမျိုးသားဝတ် ဘောင်းဘီ ဆိုဒ်မျိုးစုံ ချုပ်လုပ်ရောင်းချနေကြောင်း သိရှိရပါသည်။

          ဘောင်းဘီများ ထုတ်လုပ်ရာတွင် အသုံးပြုသော (JJ) ပိတ်စများအား အဆင်ဒီဇိုင်းများကို Viberဖြင့် ပို့ပြီး လိုသလောက်အရေအတွက်ကို ရန်ကုန်မှ မှာယူရကြောင်း၊ တစ်ကိုက်လျှင် (၂၄၀၀) ကျပ်နှင့် အလိပ်လိုက်မှာယူရာတွင်  အဆင်တူအရောင်ကွဲ (၆)လိပ်တစ်တွဲ မှာယူရကြောင်း၊ တစ်လိပ် လျှင် ကိုက်(၆၀,၆၅)ထိ ပါရှိကြောင်း သိရှိရပါသည်။

          ဘောင်းဘီပုံများ ကိုက်ဖြတ်ရာတွင်(၁၀)ကိုက်စ တစ်စကို လိုချင်သောဆိုဒ်ပုံစံချ၍ ပိတ်စ အလေအလွင့်မရှိအောင် ပုံစံချကြောင်း၊ (၁၀)ကိုက် တစ်စလျှင် XL(၈)ထည်၊ 2XL(၈)ထည်၊ 3XL(၇) ထည်၊ Over(၇)ထည် စုစုပေါင်းအထည်(၃၀)ထွက်ရှိကြောင်း၊ ပုံစံချပြီးသော ဘောင်းဘီအပိုင်းစများ ကိုခါးမဲစ(သို့)မိုးကာစ TC မဲစ ကွပ်ရကြောင်း၊ အမဲစမှာ တစ်ကီလိုလျှင်(၃၀၀၀)ကျပ်၊ အပ်ချည်လုံး အမဲတစ်ကီလိုလျှင်(၃၈၀၀)ကျပ်နှင့် ဘောင်းဘီအား အိတ်ကပ်စထည့်ရကြောင်း၊ အိတ်ကပ်စ တစ်ကီလိုလျှင်(၃၀၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး နောက်ဆုံးအဆင့်အနေဖြင့် ၁လက်မ မျှော့ကြိုးတပ်ရ ကြောင်း၊ ၁လက်မမျှော့ကြိုး (၁)ခွေလျှင်(၃၂၀၀)ကျပ်ကုန်ကျပြီး ပစ္စည်းအားလုံး မန္တလေးမှ ဝယ်ယူရကြောင်း သိရှိရပါသည်။

        အလုပ်သမားများမှာ ဆိုဒ်အမျိုးအစားအလိုက် တာဝန်ယူချုပ်ရပြီး အပြီးအစီး(၁)ထည်လျှင် လုပ်အားခအနေဖြင့် (၂၀၀)နှုန်းဖြင့် ချုပ်နိုင်သောအရေအတွက်အတိုင်းပေးရကြောင်း၊ ဘောင်းဘီ (၁)ထည်လျှင် လုပ်အားခအပါအဝင်လက်ကားအနေဖြင့် (S) size (၁၇၀၀)ကျပ်၊ (M) size (၁၈၀၀) ကျပ်၊ (L) size (၁၉၀၀)ကျပ်၊ (XL) size (၂၁၀၀)ကျပ်၊ (2XL) size (၂၂၀၀)ကျပ်၊ (Over) size (၂၄၀၀)ကျပ်ရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် ဂန့်ဂေါ၊ မန္တလေး(ဈေးချို)၊ မြင်းခြံ၊ လာရှိုးမြို့ များထိ တင်ပို့ပြီး (၆၀)ကိုက်ပါ တစ်လိပ်လျှင် အမြတ်(၃၀၀၀၀)ကျပ်ရကြောင်း သိရှိရပါသည်။

          အိမ်တွင်းမှုတစ်ပိုင်တစ်နိုင် အထည်ချုပ်လုပ်ငန်းဖြစ်သော်လည်း တစ်နေ့လျှင်အလုပ်သမား (၁၀)ဦးခန့် အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ကြောင်းနှင့် ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်း ဖြစ်အထည်များများထုတ်လုပ်သုံးစွဲနိုင်ခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ပြီး နိုင်ငံခြားငွေ သုံးစွဲမှုလျော့နည်းလာစေရန် ရည်ရွယ်၍ ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)