Main menu

သဘာဝအလှတရားများနှင့် နတ်မတောင်အမျိုးသားဥယျာဉ်

Powered by Drupal

          နတ်မတောင်(ဝိတိုရိယ)ခေါ်နူးဇုမ်တောင်သည် သဘာဝအလှတရားများနှင့် ဇီဝမျိုးစုံ မျိုးကွဲများ၏ ကျက်စားပျော်မြူးရာ ဒေသတစ်ခုဖြစ်ပါသည်။ ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီး သွားလာသူများ၏ အထူးစိတ်ဝင်စားခြင်းခံရသော နေရာလည်းဖြစ်ပါသည်။ ထိုသဘာဝ အလှတရားများနှင့် ဇီဝမျိုးစုံကွဲများကို စနစ်တကျ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ဒေသခံပြည် သူများ၏ ရိုးရာဓလေ့ထုံးစံများကို ထိန်သိမ်းခြင်းအားဖြင့် ရေရှည်တွင် ဒေသခံပြည်များ၏ လူ့စွမ်းအားအရင်းအမြစ် ပိုမိုဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး နိုင်ငံတော်အတွက်ပါ များစွာအထောက်အကူပြုမည်ဖြစ်သောကြောင့် ဤဆောင်းပါးကို ရေးသားတင်ပြရခြင်းဖြစ်ပါသည်။

          နတ်မတောင်(ဝိတိုရိယ)ခေါနူးဇုမ်တောင်သည် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့နယ်  သုံးမြို့နယ်အတွင်း တည်ရှိသည်။ နတ်မတောင်(ဝိတိုရိယ) ခေါနူးဇုမ်တောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၁၀၂၀၀)ပေမြင့်သည်။ ၁၉၉၇ ခုနှစ်တွင် အမျိုးသား ဥယျာဉ်အဖြစ် အဆိုပြုထည့်သွင်းခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် နတ်မတောင် အမျိုးသားဥယျာဉ် အဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဥယျာဉ်အဖြစ် ဦးစားပေးအဆင့်(၁)တွင် အဆိုပြုသတ်မှတ်ထားသော ဥယျာဉ်တစ်ခုလည်း ဖြစ်ပါသည်။ အကျယ်အဝန်းအားဖြင့် ဧရိယာမိုင်ပေါင်း (၂၇၅.၅)မိုင် ကျယ်ဝန်းသည်။ နတ်မတောင် အမျိုးသားဥယျာဉ်ကို ဖုံးလွှမ်းထားသော သစ်တောအမျိုးအစားများမှာ အမြဲစိမ်းတော၊ ရွက်ကြွေတော၊ ထင်းရှူးတော၊ ဝက်သစ်ချတောများနှင့် တောင်ဇလပ် တောများဖြစ်ကြသည်။ နတ်မတောင်အမျိုးသားဥယျာဉ်ထဲတွင် သစ်ပင်အမျိုးပေါင်း (၁၀၀၀) ကျော်၊ ငှက်မျိုးပေါင်း(၃၄၅)မျိုး၊ ကုန်းနေရေနေသတ္တဝါ(၂၃)မျိုး၊ သွားတွားသတ္တဝါ (၁၀၆)မျိုး၊ သစ်ခွမျိုးစိတ်(၁၂၀)နှင့်  လိပ်ပြာမျိုးပေါင်း(၇၇)မျိုးရှိသည်ဟု သိရပါသည်။   ရှားပါးတိရစ္ဆာန် များဖြစ်သော ကျားသစ်၊ ဝက်ဝံ၊ တောင်ဆိတ်၊ ချေ၊ တောဝက်၊ သင်းခွေချပ်၊ တောကြောင်နှင့် မျောက်လွှဲကျော် စသည့်နို့တိုက်သတ္တဝါမျိုးစုံ ကျက်စားလျက်ရှိသည်။ ထို့အပြင် ကမ္ဘာပေါ် တွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါးငှက်မျိုးဖြစ်သည့် ဇာမဏီငှက်ကို နတ်မတောင် အမျိုးသားဥယျာဉ်တွင် နောက်ဆုံးတွေ့ရှိခဲ့ကြောင်း သိရပါသည်။ နတ်မတောင်အမျိုးသား ဥယျာဉ်သည် ကမ္ဘာလှည့်ခရီးသွားများ၊ နိုင်ငံတကာမှ ပန်းဝါသနာ ရှင်များ၊ ငှက်စောင့် ကြည့်သူများ၊ တောင်တက် ဝါသနာရှင်များ၊  ပြည်တွင်းခရီးသွားများ၊ ဇီဝမျိုးစုံးမျိုးကွဲ သုတေသနပြုလုပ်သော အသင်းအဖွဲ့များ၊ သဘာဝအလှတရားကို ခံစားလိုသူများအနေဖြင့် အသင့်တော်ဆုံး လည်ပတ်စရာ နေရာပင်ဖြစ်သည်။ သဘာဝကိုအခြေခံသော ဒေသ (Ecotourism Side)အဖြစ် ကျော်ကြားသော ဒေသတစ်ခုဖြစ်ပါသည်။

         ယခုအခါ အဆိုပါ သဘာဝအလှတရားများ၊ တောရိုင်းတိရတိရစ္ဆာန်များ၊ ဇီဝမျိုးစုံ မျိုးကွဲများ၏ အသက်အန္တရာယ်ကို နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်ခံရလျက်ရှိပါသည်။ အကြောင်းမှာ ကမ္ဘာကြီးပူနွေးလာရခြင်း၊ တရားမဝင်အမဲလိုက်ခြင်း၊ တရားမဝင်သစ်ပင် များခုတ်လှဲခြင်း၊ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်ခြင်း၊ ခရီးသွားပုဂ္ဂိုလ်များအနေဖြင့် အမှိုက် များကို စနစ်တကျ စွန့်ပစ်မှုမရှိခြင်း၊ တောမီးလောင်ကျွမ်းခြင်း စသည်တို့ကြောင့်ဖြစ်သည်။ ထိုမှသာလျှင် နတ်မတောင်အမျိုးသားဥယျာဉ်အတွင်းရှိ  သဘာဝအလှတရားများ၊  ဇီဝမျိုးစုံ မျိုးကွဲများသည် ရေရှည်ရပ်တည်ရှင်သန်နိုင်ရေးအတွက်  နိုင်ငံတော်အစိုးရ၊ အစိုးရမဟုတ် သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းအဖွဲ့များ၊  ဒေသခံပြည်သူများအနေဖြင့် စနစ်တကျ ဝိုင်းဝန်းထိန်းသိမ်းရန် အထူးပင်လိုအပ်ကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။

 

 DOCA(Chin)