Main menu

ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှု၊ အသုံးဝင်ပုံနှင့် ဈေးနှုန်းဈေးကွက်အလားအလာ

Powered by Drupal

           ကြက်သွန်နီသည် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည်။ ကြက်သွန်နီသည် အာဟာရတန်ဖိုး ကြွယ်ဝပြီး စွမ်းအင်ကိုဖြစ်စေသော အစာတစ်မျိုးဖြစ်သည်။ ဟင်းလျာတိုင်းတွင် မပါမဖြစ် အသုံးဝင် သည့်သီးနှံတစ်မျိုးဖြစ်သည်။ ကြက်သွန်နီ၏မူရင်းဒေသမှာ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ အာဖဂန်နစ္စတန် နိုင်ငံနှင့် ပါလက်စတိုင်းတစ်လျှောက်ဖြစ်သည်။ မြန်မာ ကြက်သွန်နီသည် ပြည်တွင်းပြည်ပ ဈေးကွက် ဝင်ပြီး၊ မြန်မာ GAPစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများစနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်ရန် ရွေးချယ်ထားသည့် သီးနှံ(၁၄)မျိုးတွင်ပါဝင်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ်စဉ်ပျှမ်းမျှ ကြက် သွန်နီစိုက် ဧက (၅)သောင်းခန့်ရှိပြီး ထွက်ရှိမှုမှ မျိုး၊ အလေအလွင့်၊ စားသုံးမှုနှုတ်ပါက တန်ချိန်(၃) သိန်းခန့် ထုတ်လုပ်နိုင်ကြောင်း သိရပါသည်။

          ကြက်သွန်နီသည် အလွန်ချဉ်သောမြေကို မနှစ်သက်ခြင်းကြောင့် အောက်မြန်မာပြည်တွင် စိုက်ပျိုးမှုနည်းသည်။ ကြိုက်နှစ်သက်သော မြေချဉ်ငံကိန်းမှာ ၆မှ၇ ဖြစ်သည်။ အပူအအေး သင့်တင့် သော ရာသီဥတုကိုကြိုက်နှစ်သက်သည်။ စိုက်ပျိုးလျက်ရှိသော မျိုးများမှာ ရွှေဖလား၊ ပိတောက်ပြွန်၊ ဇော်မွှား၊ မြေနဲမျိုး၊ ရွှေဖလားထိပ်မောက်၊ စဉ်အိုးပုံ၊ မြင်းခြံမျိုး၊ နှင့် ဒေသမျိုးတို့ဖြစ်သည်။ မုံရွာမြို့ပြည်တော်သာရပ်(အက်တောရပ်)တွင် ထိပ်မောက် နှင့် ပိတောက်ပြွန်မျိုးကိုစိုက်ပျိုးသည်။ စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ကြက်သွန်နီစိုက်ဧကမှာ မိုးစိုက်ဧက (၂၂၂၆)နှင့် ဆောင်းစိုက်ဧက(၄၇၂၉၂)၊ စုစုပေါင်း(၄၉၅၁၈)ဧက စိုက်ပျိုးပါသည်။

          အစေ့ကိုတိုက်ရိုက်စိုက်ပျိုးနိုင်သော်လည်း ကုန်ကျစရိတ်များသောကြောင့် ပျိုးထောင် ၍ စိုက်ပျိုးကြသည်။ ကြက်သွန်တစ်ဧကစိုက်ပျိုးရန်အတွက် ပျိုးခင်းသည် (၀.၀၅)ဧက အရွယ်ရှိရမည်။ သေချာစွာပြင်ဆင်ထားသော ပျိုးခင်းတွင် မျိုးစေ့ကို ညီညာစွာ ကြဲ၍လည်းကောင်း၊ အတန်းလိုက် သော်လည်းကောင်း စိုက်ရပါမည်။ စိုက်ပြီးသောမျိုးစေ့များ  ကို အညှောင့်မြေပေါ်ထွက်လွယ်စေရန် နွားချေးမှုန့်ပါးပါးနှင့် ပြန်လည်အုပ်ပေးရမည်။ နေ့စဉ်ရေမှန်မှန်လောင်းပေးရမည်။ ပျိုးပင်ကလေး များကို ၄ပတ်၊ ၆ပတ်သားအရွယ်တွင် ပျိုးပင်၏အရင်းသည် အနည်းငယ်ကြီးလာပါက ပြောင်းရွှေ့ စိုက်ပျိုးနိုင်သည်။ တစ်ဧကတွင် မျိုးစေ့ (၄)ပြည်ခန့်လိုအပ်သည်။

          မြေပြန့်တွင် ကြက်သွန်ကို အောက်တိုဘာလမှ နိုဝင်ဘာလအထိ ပျိုးထောင်သည်။ တောင် ပေါ်ဒေသ၌ မတ်လမှ ဇွန်လအထိ ပျိုးထောင် ကြသည်။ မိုးရာသီတွင် ဥစိုက်နှင့် မိတ်ထောင်စိုက် ဟူ၍နှစ်မျိုးရှိပြီး ဩဂုတ်လ၊ စက်တင်ဘာလတွင် စိုက်ပျိုးကာ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလတွင် ထွက် ပေါ်ပါသည်။ ဆောင်းစိုက်ကြက်သွန်ကို နိုဝင်ဘာ၊ ဒီဇင်ဘာလတွင် စိုက်ပျိုးကာ မတ်လနှင့် ဧပြီလ တွင်ထွက်ပေါ်ပါသည်။

          ကြက်သွန်သည် ပြောင်းရွှေ့စိုက်ပျိုးပြီးချိန်မှစ၍ အထနှေးသောကြောင့် ပေါင်းမြက်မနိုင်လျှင် တစ်ခင်းလုံး ပျက်စီးတတ်သည်။ ထို့ကြောင့် မြေပြုပြင်ချိန်တွင် ပေါင်းကိုတစ်ပါတည်း ကြိုတင်နှိမ် ထားရမည်။ ဘောင်ဖော်စိုက်ပျိုးနည်းတွင် စိုက်ခင်းမြေမျက်နှာပြင် အနိမ့်အမြင့်ပေါ်မူတည်ပြီး ညီ ညာသောအပိုင်းများအလိုက် ဘောင်ဖော်ပေးရမည်။ ပျိုးပင်လေးများကို တစ်ပင်နှင့် တစ်ပင် တစ် တန်းနှင့်တစ်တန်း ၄/၅ လက်မခွာ၍ စိုက်ရမည်။ ကန်သင်းဖော်စိုက်ပျိုးနည်းကို ဆည်ရေရသော ဒေသများတွင်အသုံးပြုသည်။ ကန်သင်းပေါ်မှ နေ၍ပေါင်းရှင်းနိုင်စေရန်အတွက် ၅ပေ ထက် မကျယ် သော အကွက်များကို ဖော်ပေးရမည်။ တစ်တန်းနှင့်တစ်တန်း ၅/၆လက်မခန့်ထားရှိပြီး တစ်ပင်နှင့် တစ်ပင် ၃/၄ လက်မခွာ၍ စိုက်ပျိုးသည်။ တစ်ဧကလျှင် အပင် ၅ သိန်းကျော်အထိ ဒေသအလိုက် စိုက်ပျိုးစနစ်ပေါ်မူ တည်၍ ဝင်ဆန့်ပါသည်။ စပ်မျိုးကြက်သွန်နီကိုသုံးပါက အပင် ၂သိန်းကျော်ဝင် ဆန့်သည်။ ကျွန်းမြေပေါ်နှင့် သဲချောင်းမြေများတွင်လည်း ကြက်သွန်စိုက်ပျိုး နိုင်သည်။ မြန်မာနိုင်ငံ မိုးခေါင်ရေရှားဒေသများ၌ ဤနည်းကိုအသုံးများသည်။

          ကြက်သွန်စိုက်ပျိုးသော မြေအခြေအနေပေါ်မူတည်၍ မြေဩဇာအသုံးပြုမှု ကွာခြားသည်။ သဲမြေတွင်နွားချေးပိုသုံးရမည်။ ယေဘူယျအားဖြင့် တစ်ဧကအတွက်လိုအပ်သော မြေဩဇာမှာ ယူရီး ယား(၂)အိတ်၊ တီစူပါ(၂)အိတ်၊ ပိုတက်ရှ်(၁)အိတ် ဖြစ်သည်။ ယူရီးယား ဓာတ်မြေဩဇာကို ပျိုးပင် များပြောင်းစိုက်ချိန်တွင် တစ်ဝက်ထည့်သွင်းပြီး ကျန်တစ်ဝက်ကို စိုက်ပြီးတစ်လအကြာတွင် ထည့် ပေးရမည်။ မြေအလွန်ကြပ်နေပါက နွားချေး၊ မြေဆွေး ထပ်မံထည့်ပေးရပါသည်။

          ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသောအခြေအနေတွင် အမြဲရှိရန်လို အပ်သည်။ ရေသွင်းချိန်ရောက်မရောက်ကို ကြက်သွန်ပင်များ၏အခြေအနေကိုကြည့်၍ အကဲခတ်ရမည်။ သာမန် အားဖြင့်တစ်ပတ်လျှင်တစ်ကြိမ်ရေပေးရသည်။ ရာသီဥတုပူပြင်းပါက ၄/၅ရက်ခြားတစ်ကြိမ်ခန့် ရေ ပေးသွင်းရန်လိုသည်။ အရွက်များစတင်ကျလာချိန်တွင် ရေသွင်း ခြင်းကိုရပ်လိုက်ပြီး ကြက်သွန် အမြိတ်များကို စုစည်းချည်နှောင်ပေးခြင်း၊ ဆံမြိတ်ထုံးပေး ခြင်းကိုပြုလုပ်ရမည်။ ကြက်သွန် မတူးခင် ရေကို ၁၀ရက်ကြိုဖြတ်ထားရမည်၊ ရေမဖြတ်ပါက အခွံပါးပြီးအထားမခံပါ။

          ကြက်သွန်နီအပင်စိုက်ပြီး ရက်ပေါင်း ၈၀မှ ၁၇၀အတွင်းတူးဖော်နိုင်သည်။ ကြက်သွန် အရွက် အမြိတ်၏ ၁၅-၂၅ ရာခိုင်နှုန်းခြောက်လာလျှင် လက်ဖြင့်ဆွဲနှုတ်ရိတ်သိမ်းနိုင်သည်။ အရွက်များအား လုံးခြောက်မှရိတ်သိမ်းပါက ကြက်သွန်ဥသည် လက်ဖြင့်နှုတ်ရန် မလွယ်တော့ပေ။ အမြစ်များသော ကြောင့် ရောင်းတန်းမလှဖြစ်ရသည်။ ကြက်သွန်ဥနှုတ်ပြီးသည်နှင့် အရွက်ကို ၁လက်မချန်ပြီးဖြတ်ရ မည်။ ကြက်သွန်နီအထွက်နှုန်းမှာ ပျှမ်းမျှ တစ်ဧကလျှင် ပိဿာချိန် ၆၀၀၀ ခန့်ထွက်ပါသည်။ ကြက် သွန်ဥများကို နေရောင်ဖြင့်အခြောက်မလှန်းရပါ။ အေး၍ ခြောက်သွေ့ပြီး လေဝင်လေထွက် ကောင်း သောနေရာတွင် သိုလှောင်အခြောက်ခံရမည်။ ကြက်သွန်အပေါ်ယံခွံ အခြောက်ဖြစ်စေရန် အစိုဖြစ်စ မှ ၁ လခန့်ကြာသည်။

          ကြက်သွန်နီဥများကိုမသိုလှောင်မီ အနာအဆာ အပဲ့အရွဲ့ကင်းစင်သော အရောင်အဆင်း ကောင်းမွန်သောဥများရရန် သေချာရွေးချယ်၍ အူတိုင်ပွသောဥများနှင့် မိတ်ဖြတ်လည်ပင်း ကြီးနေ သောဥများကို ဖယ်ထုတ်၍ ချက်ချင်းရောင်းချအသုံးပြုရမည်။ ခရီးဝေးပို့ရန်အတွက် ကျဲကျဲယက်ထား သော ဂုံနီအိတ်၊ ပီနန်အိတ်၊ ကြိုးအိတ်များ၌ အပြည့်ထည့်၍ လုံအောင်ချုပ်ပေးရမည်။ ကြက်သွန် သိုလှောင်ရုံကို သီးခြားစီစဉ်ဆောက်လုပ်ကြသည်။ သိုလှောင်ရုံအဆင့်များကို ဝါးကြမ်းကျဲကျဲ ခင်းရ သည်။ အကာအရံများကို လေဝင်လေထွက်ကောင်းရန် ဝါးတန်း မစိပ်မကျဲရိုက်ရသည်။ မိုးပက်မည့် ဘက်ကို လုံအောင်ကာရံပေးရမည်။ ကြက်သွန်သိုလှောင်ရုံ ရှိအဆင့်များပေါ်တွင် ကြက်သွန်ဥများကို ၆ လက်မခန့်ထက် မထူအောင်ညှိခင်း သိုလှောင်ရသည်။ ကြက်သွန်နီသိုလှောင်နေစဉ်ကာလ၌ အပြင် ခွံများကျွတ်လာတတ်သည်။ အပြင်ဘက်ဆုံးအလွှာများမှ ရေဓာတ်များ လျော့ပါးလာကာ တဖြည်း ဖြည်းနှင့် ခြောက်သွေ့ကာအခွံဘဝ သို့ပြောင်းလဲသည်။ ရက်(၃၀)ခန့်ရှိတိုင်း တစ်ခွံတစ်ခွံ ကျွတ်လေ့ရှိ သောကြောင့် သိုလှောင်စဉ် ကာလ၌ မူလထားရှိသောအလေးချိန်မှ သဘာဝအတိုင်း အလေးချိန် လျော့လျော့လာရခြင်း ဖြစ်သည်။ ကြက်သွန်နီသိုလှောင်ရုံကို နှစ်လတစ်ခါ သန့်ရှင်းရေး လုပ်ပေးသင့် သည်။ အဆံချောင်ခြင်းနှင့် ဥပုပ်ခြင်းများတွေ့ရှိပါက ကောက်ယူရှင်းလင်းပေးရမည်။

          ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်ရာတွင် မြေယာပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ စိုက်ခင်းပြုစု ပေါင်း ရှင်းခြင်း၊ ရိတ်သိမ်းခူးဆွတ်ခြင်းတို့တွင် လုပ်သားများ အသုံးပြုကြပါသည်။ လုပ်အားခမှာ တစ်နေ့ လျှင် အမျိုးသား (၆၀၀၀)ကျပ်၊ အမျိုးသမီး(၄၀၀၀)ကျပ် ပေးရပြီး မုန့်ကျွေးရကြောင်း သိရသည်။ ကြက်သွန်နီမျိုးစေ့ တစ်ပြည်လျှင် (၄၀၀၀၀)ကျပ်မှ(၇၀၀၀၀) ကျပ် အထိရှိပါသည်။ တစ်ဧက ထုတ် လုပ်မှုကုန်ကျစရိတ်မှာ ကျပ်(၁၃သိန်းခွဲခန့်) ကုန်ကျပါသည်။

          ကြက်သွန်နီသည် သာမန်အအေးမိရောဂါ၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အရိုးကြွပ်ဆတ် သော ရောဂါနှင့် အခြားရောဂါများကို ကုသရာတွင် ထိရောက်သည်။ ထိက်ဒဏ်ရာကြောင့် ညိုမည်း ရောင်ရမ်းနာကျင်သောရောဂါကို သက်သာစေနိုင်ကြောင်း၊ ကြက်သွန်နီကို များများစားလျှင် ဦး ခေါင်းပိုင်းနှင့် လည်ပင်းကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သည်။ ကမ္ဘာ့ဒေသအတော်များများ တွင် ကြက်သွန်နီကို အပူလောင်ခြင်းအတွက် ကုသရာတွင် အသုံးပြုသည်။ ကြက်သွန်နီခြမ်းကို အပူ လောင်ဒဏ်ရာပေါ်တွင် တစ်ညတာ အုံပေးခြင်းဖြင့် ကုသကြသည်။ အမျိုးသမီးများသွေးဆုံးချိန်တွင် ဖြစ်ပွားတတ်သော အရိုးကြွပ်ခြင်းအတွက် အထူးသင့်လျော်သည်။ အမေရိကန်ဓာတုပညာရှင် တစ်ဦး က ကြက်သွန်နီသည် လည်ချောင်းနာခြင်းကို ကာကွယ်ပေးနိုင်ကြောင့် တွေ့ရှိထားသည်။ အိန္ဒိယတွင် ကြက်သွန်နီကို ထန်းလျက်နှင့်ရောစားခြင်းဖြင့် လည်ချောင်းနာရောဂါကို ကုသကြကြောင်း လေ့လာ သိရှိရပါသည်။

          မြန်မာဆေးကျမ်းများအလိုအရ ကြက်သွန်နီသည် ချို၏၊ စပ်၏၊ အနည်းငယ်ပူ၏၊ လေသလိပ်၊ အဖျား၊ ချောင်းဆိုးနာတို့ကို နိုင်၏။ ဆီးရွှင်စေ၏။ နှုတ်မမြိန်၊ အော့အန်ရောဂါတို့ကို ပျောက်စေ၏။ ခွန်အားကို ဖြစ်စေ၍ သုတ်အားကို ပွားများစေတတ်၏။ အော့အန်ခြင်းစသော ရောဂါများကို ပျောက် စေတတ်၏။ကြက်သွန်နီကို အစိမ်းစားခြင်းအား ဖြင့် ဆီးချုပ်ရောဂါ ပျောက်ကင်း၍ ဆီးရွှင်စေ၏။ ကြက်သွန်စေ့ကို ထောင်းစားကအားတိုးစေ၏။ မီး ဖုတ်ထားသော ကြက်သွန်နီကိုခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးသော် ကလေးဆီးချုပ်ရောဂါ ပျောက်၏။ ကြက်သွန်နီရည်အနည်းငယ်ကို တိုက်ကျွေးလျှင် ကလေးများ ဝမ်းဗိုက်နာရောဂါ ပျောက် ၏။ သကြားနှင့်ကြက်သွန်နီ အရည်ညှစ်၍ ရှာလပတ်ရည်လုပ်သောက်သော် ဆီးပူရောဂါ၊ ဝမ်းရောဂါ ပျောက်၏။ ညအခါ မျက်စိမမြင်ရသည့် ကြက်မျက်သင့်ရောဂါအတွက် ကြက်သွန်နီအရည်တွင် ဆား အနည်းငယ်ထည့်၍ မျက်စဉ်းခတ်ပေးသော် ပျောက်၏။ ကြက်သွန်နီမီးဖုတ်အရည် နွေးနွေးကို နားထဲ ထည့်သော် နားကိုက်ရောဂါ ပျောက်၏။ ကြက်သွန်နီအရည်ညှစ်၍ နားထဲတစ်နေ့သုံးကြိမ်ထည့်သော် နားပြည်ယိုရောဂါ ပျောက်၏။ ကြက်သွန်နီကို ဓါးနှင့်လှီး၍ အစေးထွက်လာလျှင် ထိပ်ဝကို ကွမ်းစား ထုံးသုတ်၍ ကင်းမြီးကောက်စသော အဆိပ်ရှိသတ္တဝါကိုက်သည့်နေရာ၌ ၎င်းထိပ်ဝဖြင့် ပွတ်ခြင်း၊ အရည်ညှစ်၍ သုတ်လိမ်းခြင်းဖြင့် အဆိပ်မတက်နိုင်တော့ချေ။ ကြက်သွန်နီကို ဒူလာပါဒရက်၊ မီးယပ် ပိန်ခြောက်၊ ရင်နာလေနာ ရောဂါများအတွက် ဖော်စပ်သော ဆေးများတွင်လည်း ထည့်သွင်းအသုံးပြု နိုင်ကြောင်း မြန်မာ့ဆေးကျမ်းများမှ လေ့လာသိရှိရပါသည်။

          မုံရွာမြို့အနီးရှိ ကျေးရွာများမှ ကြက်သွန်စိုက်တောင်သူများသည် ထွက်ရှိသော ကြက်သွန်များ ကို မုံရွာမြို့ရှိ ကြက်သွန်ပွဲရုံများသို့ ပေးအပ်ရောင်းချပါသည်။ မုံရွာမြို့ပွဲရုံများမှတဆင့် မန္တလေး၊ ရန်ကုန်၊ မော်လမြိုင်၊ စစ်တွေ၊ ပခုက္ကူနှင့် ကချင်ဒေသများသို့ တင်ပိုရောင်းချပါသည်။ ဘင်္ဂလားဒေ့ရှ် နှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှုများလည်း ရှိပါသည်။

          ကြက်သွန်နီဈေးနှုန်းများမှာ ဈေးကွက်အတွင်း ယခင်နှစ်(ဇွန်)လတွင် (၃၅၀-၄၀၀)ကျပ်သာ   ရရှိပြီး ယခုနှစ် (ဇွန်) လတွင် (၁၈၀၀-၂၀၀၀)ကျပ် ရရှိပါကြောင်း၊ ယခုအချိန် တောင်သူတိုက်ရိုက် ဝယ်ဈေး ၁၃၀၀ကျပ်မှ ၁၄၀၀ ကျပ်အထိ ပေးဝယ်သဖြင့် ယခုနှစ်သည် တောင်သူများအတွက် တွက် ခြေကိုက်သည့် သီးနှံဖြစ်ကြောင်း မြေနဲကျေးရွာ ကြက်သွန်စိုက် တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

        ကြက်သွန်နီစိုက်ပျိုးရာတွင် ဈေးနှုန်းအနိမ့်အမြင့်ကိုလိုက်၍ စိုက်ပျိုးမှုဧရိယာ အနည်းအများ ပြောင်းလဲတတ်သဖြင့် ဈေးအမြင့်ဖြင့် ပိတ်သောနှစ်တွင် စိုက်ဧကများပြီး ဈေးအနိမ့်ဖြင့် ပိတ်သောနှစ် တွင် စိုက်ဧက လျော့နည်းတတ်ကြောင်းတွေ့ရသဖြင့် ပုံမှန်စိုက်ဧကများဖြစ်အောင် ဈေးကွက်ဈေး နှုန်း တည်ငြိမ်အောင် အသင်းအဖွဲ့ဖွဲ့စည်းထိန်းညှိဆောင်ရွက်သင့်ပါသည်။ ကြက်သွန်နီများပြည်ပမှ တရားမဝင်ဝင်ရောက်မှုများကို ထိရောက်စွာကာကွယ် ပေးရပါမည်။ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်ထက်မလျော့နည်းစေရေး နိုင်ငံတော်အနေဖြင့် အခြေခံဈေးနှုန်း အာမခံချက် ဆောင်ရွက်ပေး နိုင်ရန် လိုအပ်ပါကြောင်းနှင့် မြန်မာ့ကြက်သွန်နီကို နိုင်ငံတကာ ဈေးကွက်ရရှိရေးအတွက် အစိုးရနှင့် အသင်းအဖွဲ့တို့ ပေါင်းစပ် ဆောင်ရွက်သင့်ပါကြောင်း  သုံးသပ်ရပါသည်။

            မြန်မာ့ရေမြေသဘာဝအရ အရည်အသွေးကောင်းမွန်သော ကြက်သွန်နီထုတ်လုပ်နိုင်သည်ဖြစ် ရာပြည်ပဈေးကွက်တွင် မြန်မာ့ကြက်သွန်နီနေရာ ရရှိလာပါက စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည် များအတွက်လည်း အကျိုးရှိမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)