Main menu

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော် စစ်ကိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်း အသင်းအဖွဲ့များနှင့်တွေ့ဆုံ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် စစ်ကိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညီနောင် အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်း အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးခန်းမတွင်တွေ့ဆုံပါသည်။
        တွေ့ဆုံပွဲအခမ်းအနား၌ ဝန်ကြီးချုပ်ကအမှာစကားပြောကြားရာတွင်  စစ်ကိုင်းတိုင်းဒေသကြီး၏ စီးပွားရေးမှာ စိုက်ပျိုးရေးကိုအခြေခံပါကြောင်း၊ စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲအမျိုးမျိုးကို အဓိကထား စိုက်ပျိုးကြပြီး အသားတင်စိုက်ဧကပေါင်း ၄၅.၆ သိန်းကျော်ရှိပြီး သီးထပ်စိုက်ပျိုးဧကပေါင်းများစွာ ရှိပါကြောင်း၊ မိမိတိုင်းဒေသကြီး၏ စိုက်ပျိုးရေးထုတ်ကုန် ထုတ်လုပ်နိုင်မှုသည် မြန်မာနိုင်ငံ၏ အများဆုံး တိုင်းဒေသကြီးဖြစ်သောကြောင့် မိမိတို့တိုင်းဒေသကြီး၏ထုတ်လုပ်နိုင်မှုသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် အကျိုးသက်ရောက်မှုရှိပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးအတွက် မျိုး၊ သွင်းအားစုများ အလုံအလောက်ရရှိရေး၊ ဆည်ရေရရှိရေးဆောင်ရွက်ပေးလျှက်ရှိသကဲ့ သို့ကုန်သည်လုပ်ငန်းရှင်များအတွက် ကုန်စည်စီးဆင်းမှုလွယ်ကူလျှင်မြန်ချောမွေ့စေရေးနှင့် အခြားလိုအပ်သောပံ့ပိုးမှုများကို ပံပိုးဆောင်ရွက် ပေးလျှက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် သမားရိုးကျထုတ်လုပ်မှုမှ စံချိန် စံညွှန်းပြည့်မီသည့် အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ ရေရှည်တည်တံ့သောစီးပွားဖြစ်စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ကုန်သည်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ အနေဖြင့် မိမိတို့၏အခက်အခဲများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးစေလိုသည်များကို ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်းတင်ပြပေးစေလိုပါကြောင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း ယခုအစည်းအဝေးတွင် တက်ရောက်လျှက်ရှိကြသည့်အတွက် လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
     ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသောလုပ်ငန်းများနှင့် ပတ်သက်သည့်အခက်အခဲများနှင့်ကူညီဆောင်ရွက် ပေးလိုသည့်အချက်များအား အသီးသီးဆွေးနွေး တင်ပြကြပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မိမိတို့တာဝန်ယူဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းဆွေးနွေးပြောကြားကြပါသည်။
      ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပါသည်။ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ မုံရွာစက်မှုဇုန်ကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)