
မြန်မာနိုင်ငံတွင် ပဲတီစိမ်းကို အထက်မြန်မာပြည်၊ အောက်မြန်မာပြည်ဒေသနှစ်ခုလုံးတွင် စိုက်ပျိုးကြပါသည်။ အထက်မြန်မာပြည်တွင် မိုးရေသောက်သီးနှံအဖြစ်မိုးဦး၊ မိုးလယ်တွင် သီးသန့် (သို့) ဝါ၊ ပဲစင်းငုံတို့နှင့် သီးညှပ်စိုက်ပျိုးပါသည်။ အောက်မြန်မာပြည်တွင် မိုးစပါးအပြီး သီးထပ် စိုက်ပျိုးပါသည်။ ရေသွင်းနိုင်သည့် ဒေသများတွင် မိုးကြိုသီးနှံအဖြစ်စိုက်ပျိုးကြပါသည်။ ပဲတီစိမ်း အဓိကစိုက်ပျိုးသည့်တိုင်းများမှာ အထက်မြန်မာပြည်တွင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း တို့ဖြစ်၍ အောက်မြန်မာပြည်တွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာများတွင် နှစ်စဉ် မိုး၊ ဆောင်း ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ နှစ်စဉ် ပဲတီစိမ်းသီးနှံစိုက်ဧက (၇၀၀၀၀)ဝန်းကျင်ခန့် စိုက်ပျိုးကြောင်း၊ စိုက်ပျိုးထွက်ရှိမှုအနေဖြင့် တစ်ဧက လျှင် (၅ တင်း မှ ၁၀ တင်း ထိ) ထွက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် အတွင်းရှိ မြစ်ခြေ၊ ကမ္မ၊ နန်းတော်ရပ်၊ သံပုရာပင်ကုန်း၊ ကျွန်းဦး၊ ကျွန်းညိုကျေးရွာများနှင့် ရေစကြိုမြို့နယ် အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးသော (နွေ)သီးနှံပဲတီစိမ်း(ပြောင်)လုံးကြီးမျိုးများ မေလဆန်းမှစ၍ ပခုက္ကူဈေးကွက်သို့ စတင်ဝင်ရောက်ပြီး တစ်တင်းလျှင် ကျပ်(၁၄၀၀၀၀)ဈေးအမြင့်ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိသည်။ သီးနှံပေါ်စဖြစ်၍ ပခုက္ကူခရိုင်အတွင်း အများဆုံးစိုက်ပျိုးသည့် ပခုက္ကူနှင့် ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများမှထွက်ရှိသော ပဲတီစိမ်းသီးနှံများ အများဆုံးဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ တစ်ရက်လျှင် ပဲတီစိမ်း(၃၀)ပိဿာဝင်ဆံ့အိတ် (၅၀ မှ ၁၀၀)ထိ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်းသီးနှံပေါ်ချိန်တွင် ဈေးတက်ပြီး အရောင်းအဝယ် ဖြစ်ကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသတွင်း ပဲလက်ကျန်လျော့နည်းလာပြီး ပြည်ပနိုင်ငံများ မှ အဝယ်လိုက်ခြင်းအပြင် စိုက်တောင်သူများမှလည်း ယခုမိုးရာသီ သီးနှံစိုက်ပျိုးချိန် ရောက်ရှိ၍ မျိုးအဖြစ်ဝယ်ယူမှုများခြင်းကြောင့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရ သည်။
ဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၅ခုနှစ်၊ သီးနှံပေါ်စအချိန်မေလဆန်းတွင် ပဲတီစိမ်းပြောင် (လုံးကြီး) တစ်တင်းလျှင် ကျပ်(၁၃၅၀၀၀-၁၄၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခုမေလ (တတိယပတ်)တွင် တစ်တင်းလျှင် ကျပ်(၁၄၅၀၀၀-၁၄၇၀၀၀)ဈေးအသီးသီးဖြင့် ဆက်လက် မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ နှစ်အလိုက်ကာလ တူဈေးနှုန်းနှိုင်းယှဉ်ပါက ယခင် နှစ် (နွေ)ပဲတီ စိမ်းသီးနှံပေါ်ချိန်တွင် တစ်တင်းလျှင် ကျပ်(၆၅၀၀၀-၇၀၀၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်သီးနှံပေါ်ချိန်တွင် တစ်တင်းလျှင် ကျပ်(၁၄၀၀၀၀) ဈေးဖြင့် အရောင်းအဝယ် ဖြစ်၍ ယခင်နှစ်ထက် တစ်တင်းလျှင် ကျပ်(၈၀၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်း ဝယ်ယူစားသုံးမှုများအပြင် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ လျက်ရှိပြီး ထိုမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးသောပဲတီစိမ်းသီးနှံကို ပြည်တွင်း၌ အနည်းငယ်သာ စားသုံးပြီး ပြည်ပနိုင်ငံများသို့ အများဆုံးတင်ပို့လျက်ရှိသည်။ ပဲတီစိမ်းကို ပဲပင်ပေါက်အဖြစ် စားသုံးခြင်းအပြင် မုန့်မျိုးစုံနှင့် အခြားအစားအစာမျိုးစုံအဖြစ် သုံးစွဲမှုများသော တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက် ရှိကြာင်းသိရှိရသည်။
DOCA(မကွေး)