Main menu

“ကျောက်ဆည်မြို့နယ်တွင် စကားဝါပန်းများထွက်ရှိ”

Powered by Drupal

     မြန်မာနိုင်ငံတွင် ဥတုသုံးမျိုးရှိပြီး ရာသီအားဖြင့် (၁၂)လရာသီရှိပါသည် ။ (၁၂)လရာသီတွင် တစ်လချင်းအလိုက် ရာသီပန်းများဖူးပွင့်ကြပြီး မြန်မာလ၏ ဒုတိယမြောက်လဖြစ်သော ကဆုန်လတွင်လည်း စကားဝါပန်းကို ရာသီပန်းဟုသတ်မှတ်ကြပါသည် ။ ကဆုန်လတွင် ရာသီပန်းဟု သတ်မှတ်သော်လည်း တန်ခူးလမှစ၍ ဖူးပွင့်ပြီး စကားဝါပန်းသည် ရွှေဝါရောင်ရှိပြီး ရနံ့မှာ အလွန်တရာ မွှေးကြိုင်ပါသည် ။ စကားဝါပန်းပင်သည် အနှစ်(၆၀-၇၀)ဝန်းကျင်အထိ သက်တမ်းရှည် သည့် နှစ်ရှည်ပင်အမျိုးအစား တစ်ခုဖြစ်ပြီး ကိုင်းကူးမျိုးကို စိုက်ပျိုးပါက မြေချစိုက်ပိုးပြီးနောက် တစ်နှစ်အတွင်း အပွင့်ပွင့်နိုင်ပြီး မျိုးစေ့ စိုက်ပျိုးပါက (၃-၅)နှစ်အတွင်း အပွင့်ပွင့်နိုင်ပါသည် ။ စကားဝါပန်းပင်များကို အဓိကစိုက်ပျိုးသောဒေသမှာ မန္တလေးတိုင်းဒေသကြီးရှိ ပုပ္ပားဒေသပင် ဖြစ်ပါသည်။ ယခုအခါတွင် စကားဝါပန်းပင်များကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ပင်တလည်ကျေးရွာနှင့် ကျောက်ခုံကျေးရွာများတွင်လည်း စိုက်ပျိုးလျက်ရှိပါသည် ။ ထို့ကြောင့် စကားဝါပန်းကို ပုပ္ပားဒေသတွင် မြင်တွေ့ရပေမဲ့ ယခုအခါ ကျောက်ဆည်ဒေသတွင်လည်း စကားဝါပန်းများထွက်ရှိနေပြီဖြစ်ကြောင်း ၊ စကားဝါပန်းဈေးနှုန်းအနေဖြင့် လက်လီဈေးအနေဖြင့် (၄)ပွင့်ပါ (၁၀)ကုံးကို (၅၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပြီး လက်ကားဈေးအနေဖြင့်  (၃၅၀၀)ကျပ် နှုန်း ဖြင့် ရောင်းချကြောင်း ၊ ကျောက်ဆည်မြို့နယ်တွင် ဇွန်ပန်းပင်၊ စံပယ်ပန်းပင်နှင့် ရွှေပန်းငွေပန်းပင် များစိုက်ပျိုးသည့်အပြင် စကားဝါပန်းပင်များကိုပါ စိုက်ပျိုးသည့်အတွက် အပိုဝင်ငွေများ ရရှိလျက် ရှိကြောင်းကို စကားဝါပန်း စိုက်ပျိုးရောင်းချသော ပန်းသည်များထံမှ သိရှိရသည်။

DOCA(မန္တလေး)