
ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ မှော်ဇာကျေးရွာအုပ်စုတွင် စပါး၊ပဲ၊ပြောင်းတို့ကို အဓိကထား စိုက်ပျိုး ကြသလို ဟင်းသီးဟင်းရွက်ဖြစ်သော သခွားသီးကိုလည်းစိုက်ပျိုးကြပါသည်။ သခွားသီးကို မိုးသခွားသီး နှင့် ဆောင်းသခွားသီးဟူ၍နှစ်မျိုးကိုရာသီအလိုက်စိုက်ပျိုးကြပါသည်။ သခွားသီးကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်းနုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေများတွင် ပိုမိုဖြစ်ထွန်းပါသည်။ မိုးသခွားသီးကို မိုးရာသီဖြစ်သော မေလနှင့်ဇွန်လတို့တွင် စိုက်ပျိုးကြသလို ဆောင်းသခွားသီးကိုဆောင်းရာသီဖြစ်သော အောက်တိုဘာလနှင့်နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြ ပါသည်။ သခွားသီးတစ်ဧကစိုက်ပျိုးလျှင် သခွားသီး အလုံးရေ(၂)ထောင် ကျော်ထွက်ရှိသည် ဟုသိရှိရပါသည်။
ပြည်မြို့နယ်အတွင်းရှိဈေးကွက်များတွင် သခွားသီးများကို အချိန်မရွေး ရောင်းချနေသော် လည်း ယခုအချိန်ဖြစ်သော မိုးတွင်းကာလတွင် မိုးသခွားများပေါ်ချိန်ဖြစ်ပေမယ့် စိုက်ခင်းများတွင် ရေများဝင်ရောက်မှုရှိသဖြင့် ထွက်ရှိမှုနည်း၍ သခွားသီးဈေးများအနည်းငယ်မြင့်တက်လာပါသည်။ သခွားသီးဈေးနှုန်းအနေဖြင့် ယခင်နှစ်က အသေးတစ်လုံးလျှင် (၅၀-၁၀၀)ကျပ်ရှိခဲ့ပြီး သုပ်၍စားရသောအရွယ်တစ်လုံးလျှင် (၂၅၀-၃၀၀)ကျပ်ရှိခဲ့ပြီး ယခုနှစ်တွင် သခွားသီးအသေးတစ်လုံးလျှင်(၂၀၀-၂၅၀)ကျပ်ရှိပြီး သုပ်၍စားရသောအရွယ်တစ်လုံးလျှင် (၈၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချ နေကြကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)