ပြည်ပဲဈေးကွက်အတွင်း ဈေးကောင်းလည်းရသလို နေ့စဉ်လည်း အရောင်းအဝယ် ပုံမှန်ဖြစ်နေပြီး ဒေသတွင်းစားသုံးမှုလည်းများ၍ လက်လီလက်ကား ဝယ်ယူမှုရှိသော ပဲသီးနှံမှာ ပဲကြီးသီးနှံ ဖြစ်ပါသည်။ ပဲကြီးသီးနှံမှာ ဈေးကွက်အတွင်း ဈေးကောင်းရနေသောကြောင့် (ရွှေကျွန်း) တစ်တင်း ၇၅၀၀၀ကျပ်၊ (ကမ်းနား)တစ်တင်း ၇၀၀၀၀ကျပ်တို့ဖြင့် ပဲကြော်ဖိုလုပ်ငန်းသမားများ အဓိက ဝယ်ယူနေသလို ရန်ကုန်လိုင်းသမားအချို့လည်း တစ်ခါတစ်ရံ အဝယ်ရှိကြောင်း သိရပါသည်။ ပဲကြီးသီးနှံမှာ နှစ်စဉ်လိုလို ဈေးကောင်းရခဲ့ပေမယ့် ယခုနှစ်မှာတော့ ပြည်ပဝယ်လိုအားရှိသော သီးနှံများထက်ပင် ဈေးသိသိသာသာ မြင့်တက်လျှက်ရှိကြောင်း သိရှိရပါသည်။
ပြည်ပဝယ်လက်ပဲ သီးနှံဖြစ်သော မတ်ပဲသီးနှံသည် တရိပ်ရိပ်မြင့်တက်လာလျှက်ရှိသည်ကို တွေ့ရှိရပါသည်။ ပိဿာ ၂၀တစ်တင်း ၅၄၀၀၀ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိခဲ့ကြပြီး ပဲအဝင်သိပ်မရှိသော်လည်း လှောင်ပဲများ၊ လက်ကျန်ရှိသောကြောင့် ဝယ်လိုအား အပေါ်မူတည်၍ အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ ယခုရက်ပိုင်းအတွင်း တစ်ရက် အိတ်၂၀၀/၃၀၀ ကျော် နေ့စဉ်အရောင်းအဝယ် ဖြစ်ခဲ့ပြီး တစ်ချို့လှောင်ပဲသမားများကလည်း ဈေးကောင်း ဆက်မျှော်၍ ရောင်းချမှုမရှိခဲ့ကြောင်း သိရှိရပါသည်။ ယခင်နှစ်က ဇွန်လကုန်မတ်ပဲသီးနှံဈေးမှာ ကျပ် ၄သောင်းအောက်သာ ရရှိပေမယ့် ယခုနှစ်မှာတော့ ကျပ် ၅သောင်းကျော် ၆သောင်းနီးပါးအထိ ဈေးကောင်းရလာခဲ့၍ ပဲစိုက်တောင်သူများထက် လှောင်သမားများ တွက်ခြေကိုက်သည့်နှစ် ဖြစ်ခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)