Main menu

ပြည်ဈေးကွက်သို့ ကြက်သွန်နီဝင်ရောက်မှုနည်းပြီး  ရှမ်းအာလူးများဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်

Powered by Drupal

            ယခုတစ်ပတ်တွင် ကြက်သွန်နီသီးနှံအနေဖြင့် ပြည်ဈေးကွက်သို့ ဝင်ရောက်မှု နည်းသွားကြောင်း သိရပါသည်။ ဆိပ်ဖြူ၊ ရေနံချောင်း၊ ပခုက္ကူဘက်မှ ကြက်သွန်နီများ ယခင်ပိဿာ(၃၀)ဝင် အိတ် ၄၀၀ကျော်ခန့် အဝင်ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် အိတ်၂၀၀ ပတ်လည်ခန့်သာ ဝင်ရောက်မှုရှိ တော့ကြောင်း သိရပါသည်။ ဈေးနှုန်းမှာမြင့်တက်နေပြီး အရောင်းအဝယ်အေးနေသည့်အတွက် ပွဲရုံလုပ်ငန်းရှင်များမှ မှာယူရောင်းချမှု နည်းသွားသဖြင့် ဝင်ရောက်ရောင်းချမှု နည်းရခြင်းလည်း ဖြစ်ပါသည်။ ဈေးနှုန်းများအနေနှင့် ပွဲရုံလက်ကားဈေး တစ်ပိဿာကို ကြီး/လတ်/သေး ကျပ် ၁၉၀၀-၁၈၀၀-၁၇၀၀/၁၆၀၀ တို့ရှိပြီး လက်လီဈေး အသေးများတွင် ကြီး/လတ်/သေး ကျပ် ၂၂၀၀/၂၁၀၀-၂၀၀၀/၁၉၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှု ရှိနေကြပါသည်။

          ပြည်ခရိုင်အတွင်း ရှမ်းပြည်နယ်၊ အောင်ပန်းမှ အဝင်ရှိသော ရှမ်းအာလူးများရှိသလို မန္တလေးမှတစ်ဆင့် ဝင်ရောက်လာသော တရုတ်အာလူးများလည်း ရှိပါသည်။ ယခုရက်ပိုင်းတွင် ရှမ်းအာလူးများသာ အဝင်ရှိပြီး တစ်ခါဝင်လျှင် အိတ် ၂၀၀နီးပါး အဝင်ရှိကြောင်းနှင့် တရုတ်အာလူးများမှာ ကုန်သွယ်မှုလမ်းကြောင်းအခြေအနေအရ ပြည်ဈေးကွက်သို့ ဝင်ရောက်မှု မရှိကြောင်း သိရပါသည်။ တရုတ်အာလူးများအဝင်မရှိသည့်အတွက် ရှမ်းအာလူးများဖြင့်သာ အရောင်းအဝယ် ဖြစ်လျှက်ရှိပြီး တစ်ပတ်လျှင် အိတ် ၅၀မှ ၁၀၀ အတွင်း ဒေသတွင်းလက်လီဝယ်ယူသူများ အာလူးကြော်လုပ်ငန်းရှင်များဖြင့် ပုံမှန်အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ ယခုတစ်ပတ် အာလူး တစ်ပိဿာလျှင် ပွဲရုံဈေး ကျပ် ၁၉၀၀-၂၀၀၀-၂၁၀၀ဖြင့် လည်းကောင်း၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၂၂၀၀-၂၄၀၀ဈေးရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)