
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မတ်လနှင့် ဧပြီလတွင် ရှမ်းပြည်နယ် (အောင်ပန်း)၊ တောင်ကြီးမြို့မှ ဝင်ရောက်လာသည့် ဂေါ်ဖီထုပ်များ အရောင်းအဝယ် ကောင်းနေကြောင်း ကျိုင်းတုံမြို့၌ ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ဂေါ်ဖီထုပ်ကို နွေရာသီ၌ အနည်းအကျဉ်းသာ စိုက်ပျိုးသည့်အတွက် လိုအပ်သည့် ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်တောင်ပိုင်းမှ တင်သွင်းဝယ်ယူရောင်းချလျက်ရှိပါသည်။
ကျိုင်းတုံမြို့သို့ ရှမ်းပြည်နယ်တောင်ကြီးမှ ဝင်ရောက်လာသည့် ဂေါ်ဖီထုပ်များသည် မတ်လ ပထမအပတ်မှ လက်ရှိအချိန်ထိ အရောင်းအဝယ်ကောင်းမွန်နေပြီး တစ်ရက်လျှင် ပိဿာချိန် (နှစ်သောင်းလေးထောင်) ခန့် အရောင်းအဝယ်ကောင်းလျက်ရှိပါသည်။ ယခု ဧပြီလတွင် ဂေါ်ဖီထုပ် ဈေးနှုန်းမှာ အကြီးအသေးပေါ်မူတည်၍ လက်လီဈေး တစ်လုံးလျှင် (၁၅၀၀) ကျပ် နှင့် (၂၀၀၀) ကျပ် ခန့်ဖြင့် ရောင်းချရကြောင်း သိရှိရပါသသည်။
ရှမ်းပြည်နယ်တောင်ကြီးမြို့မှ ဝင်ရောက်လာသော ဂေါ်ဖီထုပ်အပြင် ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အားလူးစသည်တို့ကို တင်သွင်းလျက်ရှိကြောင်း ယခုနှစ် ဂေါ်ဖီထုပ်စိုက်ပျိုးသူများ၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများ၊ ကုန်စည်သယ်ယူတင်ပို့သည့် လုပ်ငန်းလုပ်ကိုင်သူများနှင့် ကုန်တင်ကုန်ချလုပ်သားများ အလုပ်အကိုင် အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)