
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မြေပဲဆုံဆီလုပ်ငန်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရန်နှင့် ထုတ်လုပ်ရောင်းချမှုအခြေအနေအား သိရှိနိုင်ရန် ရည်ရွယ်၍ စားသုံးသူရေးရာ ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအဖွဲ့သည် (၂၁.၅.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ထွန်းတော်ဝင်” မြေပဲဆုံဆီလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ဈေးနှုန်း/ဈေးကွက်များ၊ ကြိတ်ခွဲထုတ်လုပ်မှု အခြေအနေများအား မေးမြန်းလေ့လာခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ထွန်းတော်ဝင်” မြေပဲဆုံဆီလုပ်ငန်းသည် ကြိတ်ခွဲလုပ်ကိုင်သည်မှာ (၆)နှစ်ခန့်ရှိကြောင်း၊ ယခင်နှစ်ထက်ပို၍ တွင်ကျယ်စွာ ကြိတ်ခွဲရကြောင်း သိရသည်။ မြေပဲဆုံဆီကို အမှတ်တံဆိပ်ကပ်၍ (၁)ပိဿာ၊ (၃)ပိဿာ၊ (၅)ပိဿာ၊ (၁၀)ပိဿာဘူးများဖြင့် ရောင်းချသလို အလွတ်လည်း ချင်တွယ်၍ရောင်းချကြောင်း၊ မြေပဲဆန် (၁)ပိဿာလျှင် အရည်အသွေးပေါ် မူတည်၍ ကျပ်(၉၇၀၀-၁၀၀၀၀)ဖြင့် မြို့ပေါ်ရှိ မြေပဲပွဲရုံများမှ ဝယ်ယူကြောင်း၊ မြေပဲဆုံဆီ တစ်ပိဿာလျှင် ကျပ်(၁၉၀၀၀ - ၁၉၅၀၀)ဖြင့် ရောင်းချကြောင်း၊ ပဲဖတ်တစ်ပိဿာကို ကျပ် (၄၇၅၀ - ၅၀၀၀)ဖြင့် ပခုက္ကူစက်မှုဇုန်မှ ပွဲစားများက အိမ်သို့ လာရောက်ဝယ်ယူကြပါကြောင်း၊ လျှပ်စစ်မီး လာသည့်အချိန်ပေါ်တွင် မူတည်၍ ကြိတ်ခွဲရပြီး တစ်ရက်ကို (၂)ဆုံတွဲ(၅)ကြိမ် လည်ပတ်နိုင်ပါကြောင်း၊ ကြာချိန်မှာ (၁)ဆုံကို (၁)နာရီ မှ (၁:၃၀)ခန့်ကြာပြီး ကြိတ်ခွဲခအနေဖြင့် (၅)ပိဿာ (၁)ဆုံလျှင် ကျပ်(၂၀၀၀)ရရှိကြောင်း၊ မြေပဲဆုံဆီလုပ်ငန်းအနေဖြင့် ယခုနှစ်သည် ပိုမိုတွင်ကျယ်စွာ ကြိတ်ခွဲရပြီး တစ်လရောင်းအား (၁၀)ပိဿာပုံး (၂၀-၂၅)ပုံးခန့် ရောင်းချရကြောင်း၊ ဈေးကွက်အများစုမှာ ပခုက္ကူ မြို့ပေါ်နှင့် ရန်ကုန်၊ မန္တလေးမြို့သို့ တင်ပို့ရောင်းချပြီး အကျိုးအမြတ်အနေဖြင့် (၁)ပိဿာလျှင် ပျမ်းမျှနှုန်းကျပ်(၁၅၀၀-၂၀၀၀)ခန့်ရရှိကြောင်း မြေပဲဆုံဆီလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(မကွေး)