
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မေလ(၂၀)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးနှင့် ရပ်ကွက်များရှိ ဆီကိုယ်စားလှယ်များ ရောင်းချနေသော လက်လီလက်ကားဈေးနှုန်းများ သတ်မှတ်ရည် ညွှန်းဈေးနှုန်း များဖြင့် ရောင်းချခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရမ်းမြို့နယ်တာဝန်ခံက ဆီထုတ်ကိုယ်စားလှယ်များသည် မြို့နယ်အတွက် ခွဲတမ်းရရှိသောဆီများကို လက်ကားဖြန့်ဖြူးပေးခြင်း၊ လက်လီ စာအုပ်စနစ်ဖြင့် ရောင်းချခြင်းများတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများထက် ကျော်လွန်၍ ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ဆီများကို ဈေးကစားရန် ရည်ရွယ်၍ သိုလှောင် သိမ်းဆည်းခြင်းများ မရှိစေရေး၊ ဈေးအတွင်း လက်လီရောင်းချနေသော ကုန်စုံဆိုင်များသည်လည်း အိမ်ထောင်စု တစ်ခုလျှင် ဆီခွဲတမ်း (၅၀)ကျပ်သား ရောင်းချရာတွင် အလေးမှန် ဈေးနှုန်း မှန်ကန်မှုရှိစေရေး ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ဈေးနှုန်းများ ကျော်လွန်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း စားအုန်းဆီရောင်းချသော ဆိုင်ရှင်များအား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)