Main menu

တောင်ယာစိုက်ပျိုးဝင်ငွေတိုး

Powered by Drupal

     မြန်မာနိုင်ငံသည် စိုက်ပျိုး၊မွေးမြူရေးကိုအခြေခံသည့် စီးပွာရေးစနစ်ဖြစ်သည့်အလျောက် စိုက်ပျိုးရေး ကဏ္ဍအတွက် အလေးဂရုပြုဆောင်ရွက်ရန် လိုအပ်ပေသည်။ စိုက်ပျိုးရေးနည်းစနစ် များထဲတွင် တောင်ယာစိုက်ပျိုးရေးနည်းစနစ်သည်လည်း ကဏ္ဍတစ်ရပ်အနေဖြင့်ပါဝင်နေပြီး များစွာမတွင်ကျယ် လှသော်လည်း အနာဂတ်တွင်ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လုပ်ကိုင်သင့်သော စိုက်ပျိုးရေး နည်းစနစ်တစ်မျိုး ဖြစ်သည်။

     တောင်ယာစိုက်ပျိုးမှုကို များသောအားဖြင့် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းနှင့် တည်မြဲသော စိုက်ပျိုးရေး ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းကို မြန်မာနိုင်ငံ အထက်ပိုင်း တောင်ပေါ်ဒေသများ တွင် အများဆုံး စိုက်ပျိုးသည်။ “တောင်သူယာလုပ် ဓားမခုတ်”ဟုဆိုသည့်အတိုင်း တောင်သူလယ်သမားတို့သည် စိုက်ပျိုး‌မည့်မြေနေရာကို ဆောင်းတွင်းကာလတွင် ရှာဖွေတတ်ကြပြီး  စိုက်ပျိုးရန်သင့်လျော်သောမြေနေရာ၌ ပေါက်ရောက်နေသော ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်း၍ တောင်ယာကွက်သစ်ဖော်နိုင်ရန်အတွက် မတ်လနှောင်းပိုင်း နောက်ဆုံးထား၍ စိုက်ပျိုးမြေ ရရှိရန်အတွက် ခုတ်ထွင်ရှင်းလင်းခြင်းများကို လုပ်ဆောင်ကြပါသည်။ ပြီးနောက် ကျန်ရှိနေသော အပင်ခြောက်များအား မီးရှို့ခြင်းကို လုပ်ဆောင်ကြပါသည်။ ထို့နောက် ကျန်ရှိနေသော အမှိုက်သရိုက်များအား ရှင်းလင်းကြပြီး မိုးဦးကျအချိန်တွင် စတင်စိုက်ပျိုးကြပါသည်။

          တောင်ယာစိုက်ပျိုးရေးကို လှေကားထစ်စိုက်ပျိုးခြင်းနှင့်သော်လည်းကောင်း၊ စူးထိုးမျိုးစေ့ချ စိုက်ပျိုးခြင်းနှင့်သော်လည်းကောင်း၊ ကြဲပတ်စိုက်ပျိုးခြင်းနှင့်သော်လည်းကောင်းစသည်ဖြင့် စိုက်ပျိုးကြပါသည်။ တောင်ယာစိုက်ပျိုးရေးတွင် သီးနှံအများအပြားစိုက်ပျိုးကြပြီး ၊ များသောအားဖြင့် ယာစပါး၊  ပြောင်း ၊ နှံစားပြောင်း ၊ နှမ်း၊ လူးဆပ်နှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြပါသည်။ အများအားဖြင့် သီးနှံများကို (၃) မျိုးမှ (၅) မျိုး အထိ အတူတကွ စိုက်ပျိုးကြလေ့ရှိပါသည်။

     တောင်ယာစိုက်ပျိုးရာတွင် စိုက်ပျိုးမြေများအား မီးရှို့ထားသောကြောင့် မြေကြီးများသည် မွနေသဖြင့် စိုက်ပျိုးရာတွင်  လွယ်ကူစေပြီး ၊ ပေါင်းပင်များလည်း ကင်းဝေးစေပါသည်။ ထို့အတွက်ကြောင့် စတင် စိုက်ပျိုးရာတွင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများအတွက် စရိတ်စခ သက်သာစေပါသည်။ သီးနှံအမျိုးအစား (၃) မျိုးမှ (၅) မျိုးအထိ စိုက်ပျိုးသည့်အတွက် ရာသီဥတု အခြေအနေအရ သီးနှံတစ်မျိုး (သို့) တစ်မျိုးထက်ပို၍ ဖြစ်ထွန်းကြလေ့ရှိသည်။

    “တောင်ယာစိုက်ပျိုးဝင်ငွေတိုး” ဟု ဆိုသကဲ့သို့ တောင်ယာစိုက်ပျိုးခြင်းသည် ကောင်းကျိုးများရှိသော်လည်း ဆိုးကျိုးများလည်းရှိနေသေးသည်ကို သတိပြုရပေမည်။ အဓိကအားဖြင့် စိုက်ပျိုးပြီဂသည့် မြေများသည် များသောအားဖြင် (၃) နှစ်ကျော် (၄) နှစ် နောက်ပိုင်းတွင် မြေဆီလွှာများ ပျက်စီးသွားလေ့ရှိသည့် အတွက် ထိုပျက်ဆီးသွားသော မြေနေရာများတွင် နှစ်ရှည်သီးနှံပင်များနှင့် အခြားသစ်မာပင်များနှင့် ပေါက်‌ရောက်လွယ်သော အပင်များအား ပြန်လည်စိုက်ပျိုးပေးရန်လိုအပ်ပါသည်။ သို့မှသာလျှင် တောင်ပြိုခြင်း၊မြေဆီလွှာပျက်ဆီးခြင်း၊ ရာသီဥတုမမှန်ကန်ခြင်းစသည့် ဂေဟစနစ် ပျက်ဆီးခြင်းမှ ပြန်လည်ကာကွယ်နိုင်မည် ဖြစ်ပါသည်။ ထိုပြင် တောင်ပေါ်ဒေသနေပြည်သူများ၏ မိရိုးဖလာ စိုက်ပျိုးမှု နည်းလမ်းများအား ခေတ်စနစ်နှင့်လျော်ညီသော စိုက်ပျိုးရေနည်းစနစ်များဖြင့် အစားထိုး၍ စိုက်ပျိုးခြင်းဖြင့် ရေ ၊ မြေ ၊ လေ ဂေဟစနစ်ကိုအတန်အသင့် ပြုပြင် ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ တောင်ယာစိုက်ပျိုးရေးသည် တောင်သူလယ်သမားတို့၏ စားဝတ်နေရေးအတွက်သာမက နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍအတွက်လည်း အထောက်အကူပြုနေသည့်အတွက် နည်းစနစ်များနှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း တင်ပြအပ်ပါသည်။

DOCA(ပဲခူး)