Main menu

မိုးညှင်းပဲပုတ်စိုက်ပျိုးထုတ်လုပ်မှုနှင့်စျေးကွက်အခြေအနေ

Powered by Drupal

      ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်သည် မိုးစပါးရိတ်သိမ်းပြီးနောက် သီးထပ်၊ သီးညှပ်အဖြစ် ပဲပုပ်ကို အဓိကထားစိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပြီး ပဲပုပ်ကို ဆောင်းသီးနှံအဖြစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပြီး ဧပြီလနှင့် မေလတို့တွင် ရိတ်သိမ်းကြပါသည်။ ယခုအချိန်တွင် ပဲပုပ်စေ့များ လှိုင်လှိုင်ထွက်‌ပေါ်လာပြီဖြစ်ပါသည်။ ပဲပုပ်စိုက်ပျိုးရာတွင် သဘာဝ မြေဩဇာ၊ နွားချီး၊ မြေဆွေးနှင့် ဓါတ်မြေဩဇာများကို တွဲဖက်အသုံးပြုနိုင်ခြင်းဖြင့် ပဲပုတ်ပင်အကြီးမြန် စေခြင်း၊ ရေအစိုဓါတ်ကိုပိုမိုထိန်းသိမ်းနိုင်စေခြင်း၊ မြေတွင်းရှိအာဟာရဓါတ်များကိုစုပ်ယူလွယ်ခြင်းများကြောင့် ပဲပုပ်အထွက်ကောင်းရရှိစေပါသည်။ ပဲပုပ်သီးနှံတွင် ရောဂါကျရောက်မှုနည်းပါးစေရန် နှင့်ပိုးမွှားရောဂါဒဏ်မှ ကာကွယ်နိုင်ရန်အတွက် သက်ဆိုင်ရာပိုးသတ်ဆေးများအားလည်း ရွေးချယ် ပက်ဖြန်းပေးရန်လိုအပ်ပါသည်။ မိုးညှင်းဒေသနှင့် ကိုက်ညီသည့် ပဲပုပ်မျိုးများဖြစ်သည့် ရေဆင်း-၁၄၊ ရေဆင်း-၁၅ မျိုးများအား အဓိကစိုက်ပျိုးလျက်ရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စိုက်ဧက (၃၈၈၂)ဧကအပေါ် ရိတ်သိမ်းဧက (၃၈၆၇)ဧက ရိတ်သိမ်းခဲ့ပြီး တစ်ဧကအထွက်နှုန်း (၁၈.၈၆)တင်း ထွက်ရှိ၍ စုစုပေါင်းအထွက်တင်း (၇၂၉၃၂)တင်း ထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။

          မိုးညှင်းပဲပုပ်ဈေးကွက်အနေဖြင့် ဒေသ‌‌ပေါက်ဈေး (၁၈)ပိဿာပါ တစ်တင်းလျှင် ၇၃၀၀၀ ကျပ်မှ ၇၅၀၀၀ ကျပ်ဖြင့် ဝယ်ယူလျက်ရှိကြောင်း၊ မန္တလေးဈေးကွက်သို့ တင်ပို့ရာတွင် (၁၈)ပိဿာပါ တစ်တင်းလျှင် ၉၈၀၀၀ ကျပ်မှ ၁၀၁၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ မန္တလေး ဈေးကွက်သို့ မော်တော်ယာဉ်များဖြင့် အဓိကတင်ပို့လျက်ရှိပြီး (၁၈)ပိဿာပါ တစ်အိတ်လျှင် ၁၅၀၀၀ ကျပ် ကျသင့်ကြောင်း၊ ယခုနှစ်တွင် လမ်းခရီးအခြေအနေအခက်အခဲများကြောင့် တင်ပို့မှုလျော့နည်းနေကြောင်းနှင့် ယခုအချိန်အထိ တင်ပို့မှု တင်း(၃၇၀၀၀)တင်းခန့် တင်ပို့ထားကြောင်း ပဲပုပ်ကုန်သည် တစ်ဦးထံမှ သိရပါသည်။

          တင်ပို့မှုလျော့နည်းခြင်းကြောင့် ဒေသတွင် ပဲပုပ်လက်ကျန်များရှိနေပြီး ဒေသတွင်းအသုံးပြုမှု နည်းပါးခြင်းကြောင့် ပဲပုပ်ဆီကြိတ်ခွဲထုတ်လုပ်ပါက ဒေသတွင်း ဆီဖူလုံရေးနှင့် တိရစ္ဆာန်အစားအစာအတွက် အထောက်အကူဖြစ်နိုင်သလို ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းနှင့် ပဲပုပ်စိုက်ပျိုးသူများ၊ ဆီစက်လုပ်ငန်းရှင်များ ဝင်ငွေအခွင့်အလမ်းများ ပိုမိုရရှိနိုင်မည်ဖြစ်သောကြောင့် ပဲပုပ်ဆီ ထုတ်လုပ်သည့် နည်းပညာများ၊ လူတိုင်းစားသုံးနိုင်ရန်အတွက် ဆီထုတ်လုပ်ရာတွင် သန့်စင်သည့် နည်းပညာများရရှိနိုင်ရန် သက်ဆိုင်ရာဌာနများအနေဖြင့် ပံ့ပိုးဖြည့်ဆည်း‌ဆောင်ရွက်ပေးပါက အကျိုးအမြတ်များစွာ ရရှိမည်ဖြစ်ကြောင်း မိုးမြင့်ကြယ်ပဲပုတ်အသင်းမှ ပြောကြားလာခဲ့ပြီး မိုးညှင်းဒေသထွက် ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေအား တင်ပြလိုက်ပါသည်။

DOCA(ကချင်)