
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများသည် အခြေခံစားသောက်ကုန် ရောင်းချသည့် ဆိုင်များသို့ အပတ်စဉ် ကွင်းဆင်း စိစစ်လျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ မေလ(၂၂) ရက် နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဈေးကွက်အတွင်း ရောင်းချပေးသည့် ဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦဇော်အေးမင်း၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ကွမ်းခြံကုန်း မြို့နယ် မြို့မဈေးအတွင်း ရောင်းချသော ဦးတင်ရှိန်+ ဒေါ်ခမ်း (ဆန်ရောင်းဝယ်ရေး)၊ ကိုမျိုးသွင် (ဆန်နှင့် ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေး)၊ ကိုနိုင်ထွန်း+ မရီမြင့် (ကျော့) ဆန်ရောင်းဝယ်ရေး၊ ကိုရန်ကုန်သား (ဆန်နှင့် ဆန်ထွက်ရောင်းဝယ်ရေး) ဆိုင်များ၏ ဆန်ဈေးနှုန်းများအား စာရင်း ကောက်ယူခဲ့ကြကြောင်း သိရသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက မြန်မာ နိုင်ငံဆန်စပါး အသင်းချုပ်မှ ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးများကို လစဉ် ထုတ်ပြန်လျက်ရှိရာ ယခုလအတွင်း သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချသွားရန်၊ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း မပြုရန်၊ ဈေးကစားရန် ရည်ရွယ်ချက်၍ သိုလှောင်ခြင်းများ မပြုလုပ် ကြရန် စီးပွားရေးလုပ်ငန်းရှင်များသို့ ကွင်းဆင်းစိစစ် အသိပညာပေးတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)