
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးထားကြသည့်အနက် ပိတ်ချင်းရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ပိတ်ချင်းရွက်ကို ကန့်ဘလူမြို့နယ်၊ ပေကုန်းကျေးရွာနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ လာရောက် ရောင်းချ ခြင်ဖြစ်ပါသည်။ ပိတ်ချင်းရွက်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီး ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ကာ အရွက်တင်မက ပိတ်ချင်းသီးသည်လည်း ဆေးဘက်ဝင်၍ ဈေးကောင်းရရှိသော အပင်တစ်မျိုး ဖြစ်ပါသည်။ ပိတ်ချင်းရွက်ကို ကရင်တာလပေါ့ဟင်းချိုချက်ရာတွင်လည်းကောင်း၊ ပိတ်ချင်းရွက်ကို ပြုတ်၍ မြေပဲဆံထောင်း ၊ ဆီချက်တို့ဖြင့်သုပ်စားကြသလို ငပိရည် တို့စရာအဖြစ်လည်း အသုံးပြုကြ ပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချ လျက်ရှိသော ပိတ်ချင်းရွက် ဈေးနှုန်းအနေဖြင့် ပိတ်ချင်းရွက် အစိမ်း တစ်ပုံလျှင်(၅၀၀)ကျပ်၊ ပိတ်ချင်း ရွက်ပြုတ် (၁)ပိဿာလျှင်(၄၅၀၀)ကျပ်နှင့် ပိတ်ချင်းရွက်ပြုတ်(၁၀)ကျပ်သားခန့် တစ်လုံးလျှင်(၅၀၀) ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသည့် လုပ်ငန်းရှင် တစ်ဦးထံမှ သိရပါ သည်။
Doca(စစ်ကိုင်း)