
ဒူးရင်းသီးများထွက်ရှိရာဒေသများဖြစ်ကြသည့် တောင်ငူ၊ သံတောင်၊ သထုံ၊ ကျိုက်ထို၊ မော်လမြိုင်တို့မှထွက်ရှိသည့် ဒူးရင်းသီးများ မန္တလေးသစ်သီးမျိုးစုံဆိုင်များသို့ ဝင်ရောက်လျက်ရှိသည်။ ဒူးရင်းသီးများ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အလျောက် ဈေးကောင်းလျက်ရှိသည်။ ဒူးရင်းသီး အမျိုးအစား(၂)မျိုးရှိရာ ယိုးဒယားဒူးရင်းသီးနှင့် ဗမာဒူးရင်းသီးမျိုးတို့ဖြစ်ကြပြီး ယိုးဒယား ဒူးရင်းသီးမှာ အလုံးကြီးပြီး အဆံကြီးသည့် အမျိုးဖြစ်၍ ဗမာသီးမှာ အလုံးသေးသည့်အလျောက် အဆံလည်း သေးသည်။ ဒူးရင်းသီးကို အလုံးလိုက်သော်လည်းကောင်း၊ ကီလိုဖြင့်ချိန်၍သော်လည်းကောင်း ရောင်းချကြသည်။ ယခင်နှစ်ဒူးရင်းသီးပေါ်ဦးပေါ်စအချိန်တွင် တစ်ကီလိုလျှင် (၃၀၀၀၀)ကျပ်၊ (၂)ကီလိုတစ်လုံးလျှင်(၅၀၀၀၀/၆၀၀၀၀)ကျပ်အထိ အရောင်းအဝယ်အသီးသီး ရှိခဲ့ပြီး ယခုနှစ်တွင် အလုံးအကြီးတစ်လုံးလျှင်(၁၀၀၀၀၀)ကျပ်၊ အလုံးအလတ်တစ်လုံးလျှင် (၇၀၀၀၀/၈၀၀၀၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင်(၄၀၀၀၀/၅၀၀၀၀)ကျပ်၊ တစ်ကီလိုလျှင် (၄၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဒူးရင်းသီးများလှိုင်လှိုင်ထွက်ပေါ်သည့်အချိန် အမှည့် များကို ဒူးရင်းယိုပြုလုပ်ပြီး ဒေသထွက်လက်ဆောင်အဖြစ်ရောင်းချကြကြောင်း သိရှိရသည်။
DOCA(မန္တလေး)