Main menu

ဗီယက်နမ်၏ ကော်ဖီတင်ပို့မှုတန်ဖိုး ၅ လအတွင်း ဒေါ်လာ ၄.၂ ဘီလီယံအထိ ရောက်ရှိ

Powered by Drupal

    အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ် အတွင်း မေလလဝက်အထိ ကော်ဖီတန်ချိန် ၇၃၆၀၀၀ ပြည်ပသို့တင်ပို့မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံ ရရှိခဲ့ကြောင်း၊ ကော်ဖီတင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကုန်ပမာဏအားဖြင့် ၅.၅ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ပျမ်းမျှဈေးနှုန်းများ မြင့်မားလာမှုအရ တန်ဖိုးအားဖြင့် ၅၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း Vietnam Plus သတင်းဌာနက ဖော်ပြပါသည်။

    သို့ရာတွင် ပြည်တွင်းဈေးကွက်၌ အလယ်ပိုင်းကုန်းမြင့်ဒေသများရှိ ကော်ဖီစေ့ဈေးနှုန်းများသည် မေ ၂၄ ရက်နေ့တွင် ၁ ကီလိုဂရမ်အပေါ် ဗီယက်နမ်ဒေါင်ငွေ ၂၅၀၀ မှ ၃၃၀၀ အတွင်း  ပြန်လည်ကျဆင်းလာခဲ့သည်။ Dak Nong, Dak Lak နှင့် Gia Lai စသည့် ခရိုင်များတွင် ကော်ဖီစေ့ ဈေးနှုန်းများသည် ၁ ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၂၂၅၀၀ နှုန်းရှိပြီး Lam Dong ခရိုင်၌ ၁ ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၂၂၀၀၀ နှုန်း ဖြစ်ပေါ်လျက်ရှိသည်။

    ကမ္ဘာ့ကော်ဖီဈေးကွက်၌ ဈေးနှုန်းများ ကျဆင်းလာမှုအရ ဗီယက်နမ်ပြည်တွင်း ကော်ဖီစေ့ ဈေးနှုန်းများသည် ၁ ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၂၀၀၀၀ နှုန်းအထိ ဆက်လက်ကျဆင်းဖွယ် ရှိသည်ဟု စိုက်ပျိုးရေးပညာရှင်များက ခန့်မှန်းလျက်ရှိသည်။ မကြာသေးမီကာလ၌ ဈေးနှုန်းမြင့်မားမှုကို ဖြစ်ပေါ်စေခဲ့သည့် ရာသီဥတုဆိုင်ရာ စိုးရိမ်ဖွယ်အချက်များနှင့် ကုန်သွယ်ရေးတင်းမာမှုများသည် လျော့ပါးသက်သာလာမည့် လက္ခဏာများပြသလျက်ရှိပြီး ဗီယက်နမ်ပြည်တွင်း၌ လွန်ခဲ့သော ၂ နှစ်အတွင်း ကော်ဖီစိုက်ခင်းများ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခြင်း၊ အပင်သစ်များ ပြန်လည် စိုက်ပျိုးခြင်းတို့ကြောင့် မဝေးကွာသော အနာဂတ်ကာလတွင် ကော်ဖီရောင်းလိုအားမှာ မြင့်တက်လာဖွယ်ရှိကြောင်း သိရှိရသည်။

Source: Vietnam Plus, 26 May 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)