
ဇွန်ပန်းသည် မွှေးကြိုင်သော သင်းရနံ့နှင့်အဖြူအဆင်းရှိပြီး အမျိုးသမီးတိုင်း ကြိုက်နှစ် သက်သောပန်း ဖြစ်ပါသည်။ ဇွန်ပန်းပင်သည် ချုံပင် သို့မဟုတ်နွယ်ပင်တစ်မျိုးဖြစ်ပြီး ဇွန်ကြီး ၊ဇွန် လေးဟူ၍ နှစ်မျိုးရှိပါသည်။ဇွန်ပန်းပင်သည် ပူအိုက်သောရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ ထို့ကြောင့် ဇွန်ပန်းပင်ကို မြန်မာပြည်အပူပိုင်းဒေသများ၌ အများဆုံးစိုက်ပျိုးလေ့ရှိပါသည်။ ဇွန်ပန်း ပင်များကို အခြားပန်းပင်များကဲ့သို့ ခြံဖွဲ့၍စိုက်ပျိုးခြင်းမရှိသော်လည်း မိမိတို့နေအိမ်များတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြသည်။ ဇွန်ပန်းကုံးများကို ဘုရားပန်းကပ်လှူရန်၊ ပန်းပန်ရန်နှင့် ကားများ ဈေးဆိုင်များတွင် ချိတ်ဆွဲ ရန်တို့အတွက် ဝယ်ယူကြကြောင်း သိရှိရပါသည်။ ညနေခင်းအချိန်တွင် ရရှိလာသောဇွန်ပန်းများကို ကြိုးဖြင့်သီကုံး၍ ဖက်ကလေးများဖြင့်ထုပ်ခါ ပြင်ဆင်ထားပြီးနောက်နေ့ နံနက်စောစောအချိန်တွင် ဈေးသို့သွား၍ ရောင်းချခြင်းဖြင့် အရင်းမစိုက်ရဘဲ မိသားစုဝင်ငွေရရှိနိုင် သောကြောင့် စိုက်ပျိုးသင့်သောပန်းတစ်မျိုးဖြစ်သည်။
ဇွန်ပန်းများကိုသီကုံးပြီး ကန့်ဘလူမြို့၊ မြို့မဈေးသို့လာရောက် ပန်းရောင်းချသည့်လုပ်ငန်း ရှင်၏ပြောပြချက်အရ မေလ၊ စတုတ္ထပတ်တွင် တစ်ရက်လျှင် ဇွန်ပန်းကုံး(၃၀ မှ ၄၀)ခန့်အထိရရှိပြီး ဇွန်ပန်း (၁)ကုံးလျှင် (၄၀၀)ကျပ်၊ (၃)ကုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း စီးပွားဖြစ်မဟုတ် သော်လည်း နေ့စဉ်ဝင်ငွေရရှိသည့်အတွက် မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)