Main menu

ပွင့်ဖြူမြို့နယ်တွင် ပိန်းဥစိုက်ပျိုးသူတောင်သူများ ဝင်ငွေအဆင်ပြေလျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ ယောစုကျေးရွာ၊ ပိန္နဲတောကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ညောင်ကုန်း ကျေးရွာ၊ မုန်းနားစုကျေးရွာနှင့် ဒေးဒရဲကျေးရွာတို့သည် မုန်းချောင်းရေကိုအမှီပြု၍ လယ်ယာမြေများတွင် ရေသွင်းစိုက်ပျိုးကာ ဟင်းသီးဟင်းရွက် သီးနှံစားပင်မျိုးစုံကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရသည်။ အဆိုပါစားပင်သီးနှံများထဲမှ ပိန်းဥသီးနှံသည် ဈေးကွက် ရှိသည့်အပြင် ဈေးကောင်းလည်းရရှိသဖြင့်  အားထားစိုက်ပျိုးကြကြောင်းသိရှိရပါသည်။  ပွင့်ဖြူ ဒေသထွက် ပိန်းဥသီးနှံမှာ ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်သည့်အပြင် ယခင်နှစ်ကထက် ဈေးကောင်းရလာသဖြင့် ပိန်းဥစိုက်တောင်သူများအနေဖြင့် ဝင်ငွေအဆင်ပြေလျက်ရှိကြောင်း သိရသည်။

         ပိန်းဥသည် ကျန်းမာရေးကို များစွာအကျိုးပြုသော သီးနှံတစ်မျိုးလည်းဖြစ်သည်။ ပိန်းဥ စားသုံးခြင်းဖြင့် အစာချေဖျက်နိုင်အားပိုမိုကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါအားကာကွယ်နိုင်ခြင်း၊ ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှုအား လျော့ကျစေနိုင်ခြင်း၊ နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း၊ အမြင်အာရုံကိုကောင်းမွန်စေခြင်း၊ အသားအရေကြည်လင်လှပစေခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ သွေးလည်ပတ်မှုကိုကောင်းမွန်စေခြင်း၊ သွေးတိုးကျစေခြင်းစသော အကျိုး ကျေးဇူးများရရှိစေပါသည်။

             ပိန်းဥကို သားတက်(Sucker)မှလည်းကောင်း၊ ဥမွှာမှလည်းကောင်း၊ ပိန်းရိုး၏အရင်းမှ လည်းကောင်း ထိပ်ဖျားမှ( ½” မှ 1” )လက်မခန့်ဖြတ်၍ စိုက်ပျိုးနိုင်ပါသည်။ သားတက်မှ စိုက်ပျိုးပါက ပျိုးခင်းထဲတွင် အညှောင့်ပေါက်စေရန် အရင်ပျိုးထောင်ပြီးမှ စိုက်ခင်းထဲသို့ ချရကြောင်း၊ မြေသားနက်၍ လေဝင်လေထွက် ကောင်းမွန်ပြီး ရေမဝပ်စေရန်လိုအပ်ကြောင်းသိရ ပါသည်။ ပိန်းဥကိုရာသီမရွေးစိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီးချိန်မှ (၆)လခန့်အကြာတွင် နှုတ်ယူရိတ်သိမ်း နိုင်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကပိန်းဥ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ဖြင့်ဈေးရရှိပြီး ယခုနှစ်တွင် တစ်ပိဿာ ၂၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေရ၍ ဈေးကောင်းရရှိကာ ပိန်းဥသီးနှံ စိုက်ပျိုးသူ တောင်သူများအနေဖြင့် ဝင်ငွေပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)