Main menu

‌ချောင်းဆုံမြို့နယ်တွင် ရာသီပေါ်တောင်ပို့မှိုများဈေးကောင်းရရှိ

Powered by Drupal

        ယခုမိုးဦးရာသီချိန်တွင် နေပူပြီး မိုးပြိုင်ပြိုင်ရွာချချိန်၌ တောင်ပို့မှိုများလှိုင်လှိုင်ထွက်ရှိလျက်ရှိရာ ချောင်းဆုံမြို့နယ်ရှိ ကတောင်စိန်ကျေးရွာနှင့် အချို့ကျေးရွာများမှ တောင်သူများသည် တောထဲ၌ သဘာဝပေါက်ရောက်သည့် တောင်ပို့မှိုများရှာဖွေရောင်းချခြင်းဖြင့် ဝင်ငွေကောင်းလျက်ရှိသည်။

       တောင်ပို့မှိုသည် မိုးရာသီတွင် သဘာဝအရပေါက်ရောက်တတ်ပြီး ခြတောင်ပို့အနီးတစ်ဝိုက်သာမကဘဲ တော၊ တောင်များအတွင်း တစ်ပွင့်၊ နှစ်ပွင့်သာမက အုံလိုက်၊ ကျင်းလိုက် အများအပြားပေါက်ရောက်တတ်ကြောင်းလည်း သိရသည်။ မှိုရှာသူများ၊ မျှစ်ရှာသူများက မှိုကျင်း ရှိရာနေရာများကို မှတ်သားထားကြပြီး နှစ်စဉ်ယင်းနေရာ၌ ပေါက်ရောက်သည့် မှိုများအား တူးဆွနှုတ်ယူ ရောင်းချကြသည်။ “တောင်ပို့မှိုကတော့ အရင်ကတည်းက ဈေးကြီးတဲ့အတွက် တော်တန်ရုံ ဝယ်စားဖို့နည်းကြတယ်၊ ငွေကြေးတတ်နိုင်သူနှင့် အလှူအတန်းလုပ်သူတွေလောက်ဘဲ ဝယ်စားများတယ်” ဟုတောင်ပို့မှိုရောင်းချသူတစ်ဦးက ပြောသည်။ ချောင်းဆုံမြို့နယ်တွင် တောင်ပို့မှို အဖူးတစ်ပိဿာလျှင် (၆၀၀၀၀) ကျပ်၊ အပွင့်တစ်ပိဿာလျှင် (၅၀၀၀၀) ကျပ်ဖြင့် ရောင်းချကြ၍ ရာသီပေါ်တောင်ပို့မှို ရောင်းချသူများမှာ ယခင်နှစ်များထက် ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA (မွန်)