
အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto နှင့် တရုတ်နိုင်ငံစီးပွားကူးသန်းဝန်ကြီး Wang Wentao တို့သည် စက်မှုဆိုင်ရာနှင့်ထောက်ပံ့မှု ကွင်းဆက်များတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် Two Countries Twin Parks ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအဆင့်မြှင့်တင်ရန် နားလည်မှုသဝဏ်လွှာ(MoU) လက်မှတ် ရေးထိုးခဲ့ကြောင်း သိရပါသည်။ ထို MoU သည် စက်မှုဖွံ့ဖြိုးတိုးတက်မှုတွင် မိတ်ဖက်ဖွဲ့မှုများ အားကောင်းရန်နှင့် အပြန်အလှန်ထောက်ပံ့မှုကွင်းဆက်များမြှင့်တင်ရန်ရည်ရွယ်ပြီး ကုန် ထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေး၊ နည်းပညာမြင့်စက်မှုလုပ်ငန်းများနှင့် ပြည့်ဖြိုးမြဲစွမ်းအင် အစရှိသည့် ဗျူဟာမြောက်ကဏ္ဍတွင် အဓိကထားကြောင်း သိရပါသည်။ Hartarto က ထိုပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်ဒေါ်လာ ၅ ဘီလီယံပတ်လည်ရှိသော ရင်းနှီးမြှုပ်နှံမှု များကို ဆွဲဆောင်နိုင်ပြီး အင်ဒိုနီးရှားတွင် အလုပ်အကိုင် ၁၅၀၀၀ ခန့် ဖန်တီးပေးနိုင်ရန်မျှော်မှန်း ရကြောင်း ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံစလုံးသည် SME လုပ်ငန်းများ၊ စက်မှုနှင့် ထောက်ပံ့မှု ကွင်းဆက်နှင့်ဆက်စပ်သည့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများပါဝင်သည့် များစွာသော စီးပွားရေးလုပ်ငန်းများ၏ပါဝင်မှုကို တွန်းအားပေးရန်သဘောတူညီခဲ့ကြောင်း သိရပါသည်။ Hartarto က MoU သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းရန် အင်ဒိုနီးရှားနှင့် တရုတ်၏ အာမခံချက်ရှိမှုကိုသရုပ်ပြရုံသာမက တန်ဖိုးမြင့်ထုတ်ကုန်များကိုအခြေခံသည့် စက်မှုအသွင် ကူးပြောင်းမှုနှင့် အရည်အသွေးမြင့်သောရင်းနှီးမြှုပ်နှံမှုများအတွက် အခွင့်အလမ်းများကို တံခါး ဖွင့်ပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံစလုံးသည် အပြန်အလှန်အကျိုးကျေးဇူးရှိမှုကို အခြေခံသည့် ရေရှည်စဉ်ဆက်မပြတ်တည်ငြိမ်သော စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှုတည်ထောင်ရန် သဘောတူညီခဲ့ကြကြောင်းလည်း သိရပါသည်။
Antara News
DOCA (ရန်ကုန်)