
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ရွာသစ်၊ အနောက်ပိုင်းရပ်ကွက်၊ ကိုးတောင့်၊ အောက်ဆိပ်၊ ချင်တောင်ကျေးရွာနှင့် အခြားကျေးရွာများအပြင် ကူရှည်၊ အလယ်စု၊ ရွာမ၊ တပေါင်၊ လိပ်ခြံအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကုလားပဲ သီးနှံကို မြစ်ရေဝင် ကိုင်းကျွန်းမြေများ၊ ကြက်သွန်ခင်း၊ စပါးခင်းကျွတ်များတွင် စိုက်ဧက(၄၀၀၀)ခန့် နှစ်စဉ် စိုက်ပျိုးကြပြီး ကုလားပဲလုံးကြီး(အဖြူ) V6 မျိုးကို အများဆုံးစိုက်ပျိုးကြပြီး ကုလားပဲ သီးနှံများမှာ ရေမြေရာသီဥတုနှင့်ကိုက်ညီ၍ သီးနှံအထွက်ကောင်းခြင်းအပြင် စိုက်ပျိုးရာတွင် လွယ်ကူ၍ ကုန်ကျစရိတ်သက်သာကြောင်း၊ ပြည်တွင်းစားသုံးမှုများပြီး ပြည်ပပို့ကုန် ပဲတစ်မျိုးဖြစ်၍ ဈေးကွက်ခိုင်မာမှုရှိခြင်းကြောင့် ယခုနှစ်တွင် စိုက်ဧက(၅၀၀၀)ခန့်ထိ တိုးချဲ့စိုက်ပျိုးထားခြင်းကြောင်း သိရသည်။
ကုလားပဲသီးနှံကို မြေအောက်ရေအပြင် ရေသွင်းရေဖြန်းစနစ်ဖြင့် စိုက်ပျိုးပြီး (၁)ဧကလျှင် မျိုး(၂)တင်းခန့်ကုန်ကျကြောင်း၊ အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် သီးနှံရိတ်သိမ်းကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ကျပ်(၇)သိန်းခန့်ကုန်ကျပြီး အထွက်နှုန်း မှာ တင်း(၂၀-၂၂)ခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် သီးနှံစတင်ထွက်ပေါ်ချိန်တွင် ကုလားပဲ တစ်တင်းလျှင် ကျပ် (၇၀၀၀၀-၈၀၀၀၀)ပေါက်ဈေးရှိကြောင်း၊ ဒေသခံတောင်သူများမှ ကုလားပဲသီးနှံ ကို တလုံးတည်းရောင်းချခြင်းမရှိဘဲ သိုလှောင်ထားရှိကြောင်း၊ ဈေးနှုန်းဈေးကွက်ပေါ်မူတည်ပြီး ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် ပြည်တွင်းပဲဈေးကွက် မြင့်တက်လာသည် နှင့်အတူ ကုလားပဲဈေးမှာလည်း တရိပ်ရိပ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်း စိုက်ပျိုးမှုများသော ကုလားပဲ V6 တစ်တင်းလျှင် ကျပ် (၉၀၀၀၀) ပေါက်ဈေးဖြင့် ရောင်းချလျက်ရှိရာ တစ်ဧကလျှင် ကျပ်(၁၁)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုလားပဲများကို မြို့ပေါ်ရှိ ပဲပွဲရုံများအပြင် ချောက်မြို့ပေါ်ရှိ ပဲပွဲရုံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း ယခုနှစ်တွင် ကုလားပဲဈေးနှုန်းမြင့်တက်ပြီး အထွက်နှုန်းကောင်း၍ စိုက်တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)