
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မှုနည်းပါးခြင်းကြောင့် ဒေသတွင်းစားသုံးမှုမလုံလောက်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ ဝယ်ယူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ဈေးနှုန်းများအနေဖြင့်၂၀၂၅ ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် ကြက်ဥများ ဈေးအနည်းငယ် မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကြက်ဥအကြီးအသေးမူတည်၍ ကြက်ဥ(၁၀)လုံး လျှင် ကျပ်(၃၉၀၀၊ ၄၁၀၀၊ ၄၃၀၀) တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀) ဈေးရှိပြီး၊ ယခင်မေလ (စတုတ္ထပတ်)တွင် ကြက်ဥတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပတ်အတွင်း ကြက်ဥတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့် ဈေးမြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ သယ်ယူစရိတ် ကြီးမြင့်ခြင်းနှင့် တိရိစ္ဆာန်အစာကုန်ကြမ်းဈေး မြင့်တက်ခြင်းကြောင့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ကြက်ဥသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရ ပြည့်ဝသော အစားအစာတစ်မျိုး ဖြစ်ပြီး စားသုံးပြည်သူများအနေဖြင့် လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်ပြီး အလွယ်တကူစားသုံးရသော အစားအစာတစ်မျိုးဖြစ်ခြင်းအပြင် စားသောက်ဆိုင်လုပ်ငန်းရှင်များမှလည်း ဝယ်ယူမှုများခြင်းကြောင့် အရောင်းအဝယ်သွက်ကြောင်း ကြက်ဥရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(မကွေး)