Main menu

နာနတ်သီး စိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

             ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဒေသထွက် နာနတ်သီးကို ကုန်းစောင်းမြေ ဥယျာဉ်ခြံများ၌ နှစ်ရှည်သီးနှံအဖြစ် မိုင်းလန်း၊ မိုင်းလပ်၊ မိုင်းဇင်းကျေးရွာအုပ်စုများတွင် အများဆုံး တစ်ပိုင်တစ်နိုင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ ယင်းသို့စိုက်ပျိုးဖြစ်ထွန်းမှု အခြေအနေများကို ဇူလိုင်လပထမပတ်တွင် နာနတ်စိုက်ပျိုးသည့် တောင်သူကြီးများထံ မေးမြန်းခဲ့ပါသည်။

          ရာသီအစ စိုက်ပျိုးချိန်တွင် နာနတ်ပျိုးပင်များကို တစ်ပင်လျှင် (၅၀)ကျပ်၊ (၄၀)ကျပ်ဖြင့် ဝယ်ယူ၍ မြေပြုပြင်ပြီး စိုက်ပျိုးကြပါသည်။ မြေပြုပြင်ရာတွင် လုပ်အားခအနေဖြင့် တစ်ဧက ပတ်လည်အတွက် နှစ်သိန်းကျပ် ပေးချေရပြီး နာနတ်ပျိုးပင် ကုန်ကျငွေ လေးသောင်းကျပ်၊ သွင်းအားစု အနေဖြင့် သဘာဝမြေဆွေး (၆)အိတ်၊ နှောက်ချေး (၈)အိတ်၊ တီစူပါဓာတ်မြေဩဇာ တစ်အိတ်၊ ပေါင်းသတ်ဆေး (၅)ဘူး၊ တစ်ဧက၏ ကုန်ကျစရိတ်မှာ သုံးသိန်းသုံးသောင်းကျပ် ကုန်ကျ ပြီး ဒုတိယနှစ်တွင် အပင်ပြုစုခြင်းအတွက် တစ်သိန်းခွဲ၊ ၎င်းနည်းတူ တတိယနှစ်တွင် တစ်သိန်းကျပ်၊ စုစုပေါင်း ဆယ်သိန်းကျပ် ခန့်မှန်းကုန်ကျစရိတ်များ ရင်းနှီးမြုပ်နှံရပါသည်။

          လေးနှစ်သားပြည့်၍ နာနတ်သီးပေါ်ချိန် ဇွန်၊ ဇူလိုင်လ ခူးဆွတ်ချိန်တွင် နာနတ်သီး၏ တစ်ဧကအထွက်နှုန်းမှာ အသီးအရေအတွက် (၅၀၀၀)ခန့် ထွက်ရှိ၍ ဈေးကွက်အတွင်း၌ နာနတ်သီး အရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် အနိမ့်ဆုံးဈေး (၅၀၀)ကျပ် မှ အမြင့်ဆုံးဈေး (၁၅၀၀)ကျပ် ဝန်းကျင် အရောင်းအဝယ်ရှိသည့်အပြင်၊ ကျိုင်းတုံမြို့အနီးတစ်ဝိုက် ပတ်ဝန်းကျင်ဒေသများသို့ တင်ပို့ရောင်းချ၍ ဝင်ငွေရရှိနေကြောင်း သိရပါ သည်။

          ကျိုင်းတုံမြို့၏ မြေလွတ်မြေရိုင်း၊ ကုန်းစောင်းမြေဥယျာဉ်ခြံများပေါ်တွင် ဒေသခံတောင်သူ ကြီးများအနေဖြင့် နှစ်ရှည်သီးနှံဖြစ်သော နာနတ်သီးပင်များကို တစ်ကြိမ်စိုက်ပျိုးလျှင် နည်းစနစ် မှန်ကန်စွာ ပြုစုစိုက်ပျိုးပါက (၆)နှစ်ခန့် နှစ်စဉ်အကျိုးအမြတ် ခံစားရလျက်ရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

DOCA(ရှမ်း)