
ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့် အချိန်ကာလများနှင့်အတူ လူနေမှုပုံစံများ၊ အစားအသောက် ပုံစံများ ပြောင်းလဲလာသည်မှာ နှစ်အတော်ကြာခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍လည်း တိုးတက် ပြောင်းလဲမှုများ အစဉ်ဖြစ်ပေါ်နေမှာဖြစ်ပါ၍မိမိတို့အနေဖြင့် ကောင်းမွန်သည့်ပြောင်းလဲမှုများကို လက်ခံသင့်သလို ကျန်းမာရေးနှင့်ပတ်သက်၍ စားသောက်မှုပုံစံများ၌ သတိရှိစွာနေထိုင်စားသောက်ရန် အထူးလိုအပ်ပါသည်။
ယနေ့မျက်မှောက်ခေတ်တွင် အစားအသောက်များကို နည်းလမ်းပေါင်းစုံဖြင့် ပြုပြင် ထုတ်လုပ်လာကြရာဝယ် ကောင်းမွန်သည့်ထုတ်လုပ်မှုများရှိသလို ကျန်းမာရေးကိုထိခိုက်စေနိုင် သည့် မမှန်မကန်ထုတ်လုပ်ကြသည်များလည်းရှိရာ မိမိတို့အနေဖြင့် ကျန်းမာရေး ရှု့ထောင့်မှကြည့်ရှု့ တတ်ရန်နှင့် အသိပညာဗဟုသုတများ လူသားတိုင်းတွင်ရှိရန်လိုအပ်ပါသည်။ နည်းပညာအကူအညီ များနှင့်ပြုပြင်ထုတ်လုပ်သော အစားအစာများထက် သဘာဝအလျောက် စားသုံးနိုင်သည့် အသီးအနှံ များနှင့် ဆန်၊ ဆန်ကွဲ၊ ဂျုံ၊ ပြောင်း၊ ကောက်ညှင်းစသည်တို့ဖြင့် တိုက်ရိုက်ထုတ်လုပ်ထားသော သန့်ရှင်းလတ်ဆတ်သည့် မြန်မာ့မုန့်ပဲသွားရည်စာများကို စားသုံးခြင်းသည်ကျန်းမာရေးနှင့် ညီညွတ်ပြီး ခန္ဓာကိုယ်အတွက် အစာအဟာရ ဖြစ်စေသည့်အတွက် ဦးစားပေးစားသုံးသင့်ပါသည်။
မြန်မာ့မုန့်ပဲသွားရည်စာများ စားသုံးခြင်းဖြင့် အခြေခံလူတန်းစားများ၏ အလုပ် အကိုင်များ အဆင်ပြေနိုင်၍ မိသားစုစားဝတ်နေရေးများအတွက်အထောက်အကူပြုပါသည်။ မြန်မာ့မုန့်ပဲသရေစာများမှ မုန့်ပြားသလက်သည်လည်းစားသုံးမှုများသည် မုန့်တစ်မျိုးဖြစ်ပြီး အစဉ်ရောင်းချလျက်ရှိရာ မုန့်ပြားသလက်တစ်ခုလျှင်(၃၅၀)ကျပ်၊ တစ်ထောင်ဖိုးလျှင်(၃)ခုနှုန်း ဖြင့် ဆိုင်ကယ်ဖြင့်လိုက်လံ ရောင်းချသော ဈေးသည်များမှလည်း ယူ၍ရောင်းချမှုရှိသောကြောင့် ဖောက်သည်ဈေးအနေဖြင့် တစ်ခုလျှင်(၃၀၀)ကျပ်ဖြင့် ရောင်းချမှုရှိကြောင်း၊ မုန့်ပြားသလက်မှာ အရင်းအနှီးနည်းပါးပြီး ကုန်ကြမ်းအနေဖြင့် တစ်ရက်လျှင်ဆန်ကွဲ သုံးပြည်ခန့်ကြိတ်ခွဲ၍ ပြုလုပ်ရောင်းချရကြောင်း၊အမျိုး အစားများအနေဖြင့် အဖြူ၊ အနီ ၊ ချဉ်ငန်စပ် ဟူ၍(၃)မျိုးကို ပြုလုပ်ရောင်းချကြောင်း၊ အနီမှာ ထန်းလျက်ဖြင့်ပြုလုပ်၍ အဖြူမှာ ပဲလွန်းပြုတ်ကို ထည့်ရပြီး၊ချဉ်ငန်စပ်မှာ ငရုပ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ နံနံပင်များကို ထည့်သွင်းပြုလုပ်ရကြောင်းနှင့် ချဉ်ငန်စပ်မှာ ကလေးလူကြီးအကြိုက်များပြီး အနီမှာလူကြီးများကြိုက် နှစ်သက်ကြောင်းနှင့် တစ်ရက်လျှင်(၄၀၀၀၀၊ ၅၀၀၀၀)ကျပ် ဝန်းကျင်ခန့် ရောင်းအားရှိကြောင်း မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ မုန့်ပြားသလက်ရောင်းချသူတစ်ဦးထံမှ သိရသည်။
DOCA(မန္တလေး)