
မြင်းခြံမြို့နယ်တွင် စားဖိုဆောင်သီးနှံများစိုက်ပျိုးလျက်ရှိရာ ရုံးပတီသီးပင်များကိုလည်း ကျေးရွာများရှိ ဥယျာဉ်ခြံမြေများတွင်စိုက်ပျိုးထားကြောင်း၊ နဘူးအိုင်ကျေးရွာ၊ ကျောင်းကုန်းကျေး ရွာ၊ လှိုင်းတက်ကျေးရွာ တို့မှစိုက်ပျိုးထွက်ရှိသော ရုံးပတီးသီးများကို မြင်းခြံဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း၊ မြင်းခြံဒေသတွင် ရုံးပတီသီးပင်များကို ဧပြီနောက်ဆုံးပတ်တွင် စိုက်ပျိုးထားရှိပြီး စိုက်ပျိုးချိန်မှ ထွက်ပေါ်ချိန် (၄) လကြာမြင့်ကြောင်း၊ ၄၅ ရက်အတွင်းအသီးများ စတင်ခူးဆွတ်နိုင် ကြောင်း၊ ရုံးပတီသီးသည် အပူပိုင်းနှင့်သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်းပြီး ရေသွင်း၊ ရေထုတ်ကောင်းသော သဲနုန်းမြေကိုနှစ်သက်ကြောင်းသိရှိရသည်။
မြင်းခြံမြို့ရှိ ကုန်စိမ်းဈေးများတွင် ရောင်းချနေသော ရုံးပတီသီး ၂၅ ကျပ်သားလျှင် ၁၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ အရိုးပွရောဂါကို ကာကွယ်သောကြောင့် စားသုံးမှုများ၍ ဈေးကွက်တွင် အရောင်းအဝယ် သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ကျန်းမာရေးအကျိုးကျေးဇူးများအနေဖြင့် ဗီတာမင်အေ၊ ဗီတာမင်စီ၊ သံဓာတ်၊ ကယ်လ်စီယမ်၊ အမျှင်ဓာတ်နှင့် အချဉ်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် အစာခြေစနစ်ကိုကောင်းမွန်၍ အူလမ်းကြောင်းကျန်းမာရေးကို မြှင့်တင်ပေးသည်။ ကယ်လ်စီယမ် ပါဝင်မှုကြောင့် အရိုးပွခြင်းနှင့် သွားပျက်စီးမှုကို ကာကွယ်ပေးကြောင်း၊ ဗီတာမင်အေပါဝင်မှုကြောင့် အသားအရေစိုပြေစေပြီး မျက်လုံးအားကောင်းစေသောကြောင့် စိုက်ပျိုးရလွယ်ကူပြီး အာဟာရ ဓာတ်များစွာပါဝင်သောကြောင့် မိမိတို့ခြံဝင်းအတွင်း၌ လွယ်ကူစွာစိုက်ပျိုးနိုင်ပြီး စီးပွားဖြစ်ဝင်ငွေရကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)