
မြင်းခြံဈေးကွက်သို့ ရောင်းချနေသော မက်မန်းသီးများမှာ မန္တလေးမြို့အတွင်းရှိ သစ်သီး ပွဲရုံများနှင့် ပြင်ဦးလွင်ဒေသထွက်တို့ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်ပထမပတ်တွင် မက်မန်းသီး (အစိမ်း) ၂၅ ကျပ်သားလျှင် (၃၀၀၀) ကျပ်၊ ၅၀ ကျပ်သားလျှင် (၅၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၉၅၀၀) ကျပ် ပေါက်ဈေးရှိကြောင်း၊ အရောင်းအဝယ်လည်း ဖြစ်လျက်ရှိကြောင်း သစ်သီးရောင်းချသူ တစ်ဦး၏ပြောပြချက် အရသိရသည်။ မက်မန်းသီးသည် ကျန်းမာရေးအတွက်အထောက်အကူ ပြုသော အာဟာရဓာတ်များကြွယ်ဝစွာ ပါဝင်သောကြောင့် ကိုယ်ခံအားကောင်းစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးကြောင်း၊ သွေးပေါင်ချိန်ထိန်းညှိပေး၍ နှလုံးကျန်းမာရေး ကိုလည်းအထောက် အကူပြုကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အစာခြေစနစ်ကို ကောင်းမွန်စေကြောင်း၊ မျက်စိမှုန်ခြင်းနှင့် အရိုးပွရောဂါကိုကာကွယ်ပေးကြောင်း သိရှိရသည်။ မက်မန်းသီးကို တန်ဖိုးမြင့်ထုတ်ကုန် အဖြစ်အမျိုးမျိုးပြုပြင် ထုတ်လုပ်ကြောင်း၊ မက်မန်းပေါင်း၊ မက်မန်းသီးအချိုနှင့် အချဉ်ပေါင်း၊ မက်မန်းအစပ်ချဉ်၊ မက်မန်းခြောက်၊ မက်မန်းယိုမျိုးစုံ၊ မက်မန်းချိုချဉ်နှင့် မက်မန်းဖျော်ရည်၊ မက်မန်းဝိုင်တို့သည် မက်မန်းသီး၏ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် လူကြီးလူငယ်၊ ဘာသာမရွေး ဝယ်ယူစားသောက်ကြကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)