Main menu

မိတ္ထီလာခရိုင်တွင် ယခုနှစ်မိုးကြိုဝါစိုက်ဧကတိုးလာ

Powered by Drupal

       မိတ္ထီလာခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် သီးနှံစိုက်ပျိုးရာသီအတွက် မိုးကြိုဝါ (၁၅၂၀) ဧကနှင့် မိုးဝါကို မေလကုန်အထိ (၃၁၁) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ဝါသီးနှံကို မိုးကြို၊ မိုး၊ မိုးနှောင်းဝါဟူ၍ စိုက်ပျိုးကြပြီး၊ စိုက်ပျိုးသည့်မျိုးမှာ မလှိုင်ဝါကို မလှိုင်မြို့နယ်တွင်သာ စိုက်ပျိုးကာ ချဉ်မျှင်ရှည်ဝါကို ခရိုင်ရှိမြို့နယ်အားလုံးတွင် စိုက်ပျိုးကြပါသည်။ မိုးကြိုဝါကို ဖေဖော်ဝါရီလ၊ မတ်လများက စိုက်ပျိုးခဲ့ရာ ယခုနှစ်တွင် မလှိုင်မြို့နယ်တွင် (၁၁၄) ဧက၊ သာစည်မြို့နယ်တွင် (၁၂၂၀) ဧက၊ ဝမ်းတွင်းမြို့နယ်တွင် (၂၂၉) ဧက စုစုပေါင်း (၁၅၂၀) ဧက စိုက်ပျိုး ခဲ့သဖြင့် ယခင်နှစ်ထက် နှစ်ဆခွဲခန့် ပိုမိုစိုက်ပျိုးနိုင်ကြောင်း သိရသည်။ မိုးဝါကို မေ၊ ဇွန်လများတွင် စိုက်ပျိုးရာ ယခုနှစ်တွင် မေလကုန်အထိ (၃၁၁) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာစာရင်းများအရ သိရသည်။ မိုးကြိုဝါမှာ ဇူလိုင်လ၊ ဩဂုတ်လများတွင် ကောက်သိမ်းနိုင်ပြီး၊ မိုးဝါကိုတော့ အောက်တိုဘာ၊ နိုဝင်ဘာလများတွင် ကောက်သိမ်းနိုင်မည်ဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ်က ဝါသီးနှံ ဈေးနှုန်းမှာ တစ်ပိဿာလျှင် အနိမ့်ဆုံး (၃၀၀၀) ကျော်မှ (၅၀၀၀) ကျပ် ဝန်းကျင်အထိ ဈေးနှုန်းရှိခဲ့ပြီး၊ လက်ရှိအချိန်မှာတော့ ဈေးကွက်အတွင်းလက်ကျန် မရှိသလောက်ဖြစ်ကြောင်းနှင့် ဝါသီးနှံမှာ နှစ်စဉ် စိုက်ပျိုးသည့် သီးနှံဖြစ်သည့်အပြင် ယခင်နှစ်က တောင်သူအတွက် အထိုက်လျောက် အကျိုးအမြတ်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)