ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူ အချို့သည် မိုးဦးကျ ကာလတွင် တောင်ယာစိုက်ပျိုးခြံများနှင့်ချတောင်ပို့များ၊ တောတောင်များအတွင်း၌ သဘာဝအလျောက်ထွက်ရှိသော ငှက်စွတ်မှိုများကို ရှာဖွေကြပါသည်။ ငှက်စွတ်မှို(ခေါ်)မှိုငှက်စိုသည် တော်သလင်းလပြည့်ကျော်နှင့် သတင်းကျွတ်လဆန်းပိုင်း မိုးရွာသွန်းပြီးချိန်တွင် အများဆုံး ထွက်ပေါ်လေ့ရှိသောကြောင့် ဒေသခံအချို့က ထိုအချိန်များတွင်မှိုများကိုလိုက်လံ ရှာဖွေကြ ပါသည်။ရရှိလာသောမှိုများကို ချက်ပြုတ်စားသောက်ကြသည့်အပြင်၊ ကျေးရွာရပ်ကွက်များ အတွင်း လှည့်လည်ရောင်းချခြင်း၊ကားလမ်းမကြီးဘေးရှိ ပလပ်ဖောင်းများအပေါ်တွင် ခင်းကျင်းရောင်းချခြင်းနှင့် သီရိမင်္ဂလာဈေးကြီးအတွင်း ခင်းကျင်းကာ ရောင်းချခြင်းဖြင့် မိသားစုအပို ဝင်ငွေတစ်ဖက် တစ်လမ်းမှ ရှာဖွေကြပါသည်။မှိုများကို အဖူး၊အငုံ၊အပွင့် အမျိုးအစားနှင့်အရွယ်အစားအလိုက်ဈေးနှုန်းခွဲခြား သတ်မှတ်၍ရောင်းချ ကြပါသည်။မှိုပွင့်ပျှမ်းမျှ တစ်စီးလျှင်၅ပွင့်မှ ၆ပွင့် အထက်ပါသော တစ်စီးလျှင် (၁၅၀၀မှ၂၅၀၀) အထိရောင်းချ လျက်ရှိကြောင်းကို ဒေသခံ အချို့နှင့် လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအတွင်းရှိ ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(ကယား)