စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည့်အပြင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုလည်း အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်တာဝန်ခံများအနေဖြင့်လည်း စားသုံးဆီ တင်သွင်းသည့်ကုမ္ပဏီများမှ စားအုန်းဆီများကိုဖြန့်ဖြူးရောင်းချခဲ့သည့်အပေါ် မိမိတို့ခရိုင်၊ မြို့နယ်အတွင်း ဝယ်ယူရရှိသည့် လက်ကားကုန်သည်များအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ်ပြီး လက်လီဈေးကွက် အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက် ရွှေဘိုခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်၍ စားသုံးဆီရောင်းချမှုများကို ပူးပေါင်းကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်လျက် ရှိပါသည်။
ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ဒေသတွင်းတိုက်ရိုက်ရောင်းချမှုအစီအစဉ်အနေဖြင့် ဇူလိုင်လ(၁၈)ရက် နေ့မှ(၂၂)ရက်နေ့အထိ နေ့စဉ်နံနက်(၇:၃၀)နာရီခန့်မှတင်၍ ကားတစ်စီးလျှင်(၅)ပေပါနှုန်းဖြင့် နေ့စဉ် ကား(၂)စီးကို ဆီကုန်သည်(၈)ဦးမှ အလှည့်ကျဖြင့် ရွှေဘိုမြို့ပေါ်ရှိ ကုန်းဘောင်ဈေးအနီး၊ အောင်ဇေယျဈေး အနီး၊ အောင်ချမ်းသာဈေးအနီးနှင့် ထိပ်တန်းဈေးအနီးတွင် စားသုံးသူများအလွယ်တကူ ဝယ်ယူနိုင်ရန်အတွက် “မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ စားသုံးဆီ လက်လီအရောင်းဈေးကား၊ တစ်ပိဿာရောင်းဈေးနှုန်း(၃၉၀၀)ကျပ်” ဟူ၍ဗီနိုင်းကပ်ပြီး ဆီအရောင်းကားများဖြင့် နေရာအရောက် သွားရောက်ရောင်းချလျက်ရှိရာ စားသုံးသူတစ်ဦးလျှင် တစ်ပိဿာနှုန်း ရောင်းချပေးသဖြင့် နေရာအလိုက် စားသုံးသူပြည်သူများ စည်ကားသိုက်မြိုက်စွာ တန်းစီ၍ ဝယ်ယူကြကြောင်း သိရှိရပါသည်။ စားသုံးဆီသည် နေ့စဉ်စားသုံးနေရသော စားသောက်ကုန် ဖြစ်သည့်အပြင် ရွှေဘိုမြို့တွင် စားသုံးဆီပြင်ပပေါက်ဈေးမှာ ဈေးနှင့်အနီးအဝေးအပေါ်မူတည်၍ လက်လီ တစ်ပိဿာလျှင်(၇၈၀ဝိ/-)မှ (၈၃၀ဝိ/-)ပေါက်ဈေးရှိသဖြင့် အိမ်ရှိတန်းစီနိုင်သောလူကုန်အားလုံး တန်းစီ၍ ဝယ်ယူစုဆောင်းကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)