
၂၀၂၅ ခုနှစ်၏ ပထမ ၅ လတွင် ကမ္ဘောဒီးယား၏ နိုင်ငံတကာကုန်သွယ်မှုတန်ဖိုးမှာ အမေ ရိကန်ဒေါ်လာ ၂၅.၂၉ ဘီလီယံထိရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၈.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အကောက်ခွန်နှင့် အခွန်အထွေထွေ ဦးစီးဌာန(GDCE)၏ ဇွန်လ ၁၀ ရက်နေ့ကထုတ်ပြန်ချက်အရ သိရပါသည်။ ထိုကာလအတွင်း ကမ္ဘောဒီးယားသည် အမေရိကန်ဒေါ်လာ ၁၁.၈ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး ၁၇.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါ သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်ဒေါ်လာ ၁၃.၄၈ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ကာ ၁၉.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်နှင့် ဗီယက်နမ်တို့သည် တန်ဖိုး အမေရိကန်ဒေါ်လာ ၄.၃၅ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၂.၀၄ ဘီလီယံအသီးသီးဖြင့် ကမ္ဘောဒီးယား၏ အကြီးမားဆုံးတင်ပို့ရာဈေးကွက် ၂ ခုဖြစ်ကြောင်း သိရပါသည်။ တရုတ်မှာ အမေရိကန်ဒေါ်လာ ၇ ဘီလီယံဖြင့် အကြီးမားဆုံတင်သွင်းသည့်နိုင်ငံဖြစ်ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားကုန်သည်များအသင်း၏ ဒုတိယဥက္ကဌ ဖြစ်သူ Lim Heng က နိုင်ငံရေး တည်ငြိမ်မှု နှင့် စီးပွားရေးကြီးထွားမှုတို့သည် ပြည်ပနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုမြင့်တက်လာရခြင်း၏ အဓိကမောင်းနှင်အားများဖြစ်ကြောင်းနှင့် နိုင်ငံ၏ကုန်ထုတ်လုပ်မှုနှင့် ပြုပြင်ထုတ်လုပ်တင်ပို့မှု မြင့်တက်လာခြင်းတွင် ပူးပေါင်းပါဝင်နိုင်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ Heng ကရင်းနှီးမြှုပ်နှံမှု စီမံကိန်းအသစ်များဝင်ရောက်လာခြင်းနှင့်အတူ CDC သည်စံချိန်တင်ရင်းနှီးမြှုပ်နှံမှုများရရှိခဲ့ ကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင်လည်း ကုန်ထုတ်လုပ်မှု၊ ပြုပြင်ထုတ်လုပ်မှုနှင့် တင်ပို့ရန်အတွက် ကုန်ကြမ်းပစ္စည်းများ တင်သွင်းမှုမြင့်တက်ရန်မျှော်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။ အဝတ် အထည်၊ ဖိနပ်နှင့် အီလက်ထရောနစ်အစရှိသည့် အဓိကကဏ္ဍများသည် ဈေးကွက်အတွင်းသို့ လုပ်ငန်းသစ်များဝင်ရောက်လာခြင်းနှင့် တည်ရှိပြီးစက်ရုံများ၏ ထုတ်လုပ်နိုင်စွမ်း တိုးချဲ့ခြင်းနှင့် အတူ ကမ္ဘောဒီးယား၏ ကုန်ထုတ်လုပ်မှုကျောရိုးအဖြစ်ဆက်လက်တည်ရှိနေကြောင်း သိရပါ သည်။ Heng ကရင်းနှီးမြှုပ်နှံသူယုံကြည်ချက်မြင့်တက်လာခြင်းနှင့် နိုင်ငံရေးဝန်းကျင်တည်ငြိမ်မှု တို့နှင့်အတူ ကမ္ဘောဒီးယားသည် ဒေသတွင်း ထွန်းသစ်စကုန်ထုတ်လုပ်ရာအချက်အချာအဖြစ် ၎င်းတို့၏ ဂုဏ်သတင်းကို ဆက်လက်အားကောင်းစေနိုင်သည့် ကောင်းမွန်သည့်နေရာတွင် ရပ်တည်နေကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Khmer Times
DOCA (ရန်ကုန်)