
ကင်းပုံပင်သည် အလေ့ကျပေါက်ရောက်သော နွယ်ပင်တစ်မျိုးဖြစ်ပါသည်။ တောတောင် ချုံနွယ်များတွင် မိုးကျလာသည်နှင့်တစ်ပြိုင်နက် ဝေဝေဆာဆာ အညွှန့်တလူလူဖြင့် တိုးထွက်လာ ကြပါသည်။ ထိုမှတဆင့် အဖူးအပွင့်များ ပွင့်လာပြီး အသီးသီးကျပါသည်။ ကင်းပုံသီးခါးနှင့် ကင်းပုံ သီးအချို ဟူ၍ နှစ်မျိုးရှိပါသည်။ ကင်းပုံသီးအချိုသည် တောတောင်တွင်သာမကပဲ နေအိမ်ခြံဝန်း အတွင်းလည်း ပေါများစွာ ပေါက်ရောက်သော်လည်း ကင်းပုံသီးအခါးသည် အနည်းငယ်ရှားပါး ပါသည်။ ကင်းပုံသီးအခါးသည် ငရုတ်ကျည်ပွေ့ဖြင့် ထုပြီး ဆားနှင့်နယ်ကာ ရေစင်စင်ဆေး၍ ပုစွန်ခြောက်ဖြင့်ကြော်ချက်၍စားလျှင် လွန်စွာမှ ထမင်းမြိန်သော ဟင်းတစ်ခွက်ဖြစ်ပါသည်။ ယခု အခါ ဇွန်လ ပထမပတ်တွင် မြင်းခြံမြို့ အေးမြသီတာဈေးတွင် ကင်းပုံသီးခါးများ စတင်ဝင်ရောက် လာပြီဖြစ်ရာ အလုံးကြီးသန့် (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ အလုံးအသေး (၂၅) ကျပ်သားလျှင် (၁၀၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)