ဆိပ်ဖြူမြို့ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဇူလိုင်လ (တတိယ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံအပြား မှ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျှက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာပျမ်းမျှ (၁)ပတ်အတွင်း ကုန်ချိန်(၃) သိန်းခွဲခန့် ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ဇူလိုင်လ(၁၅)ရက်မှ (၂၁)ရက်ထိ (၁)ပတ် အတွင်းကုန်စည်ဒိုင်နှင့် သိုလှောင်ရုံများ အရောင်းအဝယ်ဖြစ်မှု စုစုပေါင်းမှာ ကြက်သွန်နီပိဿာ (၅)သိန်းခန့်ရှိကြောင်း မြို့ပေါ်ရှိ ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်ပွဲစား(၁)ဦးထံမှ သိရှိရသည်။
ဈေးနှုန်းဈေးကွက်အနေဖြင့် ဇူလိုင်လ(တတိယ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ ထိပ်စ အမြင့်ဆုံးဈေးနှုန်းမှာ (၁၅၀၀)ကျပ် ဈေးနှုန်းဖြစ်ခဲ့ပြီး အနိမ့်စ အမြင့်ဆုံးဈေးနှုန်းမှာ (၁၁၅၀)ကျပ် ဈေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ သီးနှံအရည်အသွေးများမတူညီခြင်းကြောင့် ဈေးနှုန်း များကွာခြားကြောင်း၊ ယခင်(၁)ပတ် ကြက်သွန်နီ အမြင့်ဆုံး ဈေးနှုန်းမှာ (၁၄၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု(၁)ပတ် အမြင့်ဆုံးဈေးနှုန်းမှာ (၁၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ်၍ ယခင်(၁)ပတ်ထက် (၁၀၀)ကျပ်ခန့် ဈေးနှုန်း မြင့်တက်လာကြောင်း၊ အနိမ့်စအမြင့် ဆုံးဈေးနှုန်းမှာ ယခင်(၁)ပတ်က (၁၀၀၀)ကျပ်၊ ယခု(၁)ပတ် (၁၁၅၀)ကျပ်ဈေးနှုန်းဖြစ်၍ (၁၅၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ပြည်တွင်းဖြန့်ဖြူးမှုသာမက မြဝတီမြို့ဝယ်လက်များမှ တစ်ဆင့် ပြည်ပထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံများသို့ တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း၊ ဇူလိုင်လ(တတိယ)ပတ်အတွင်း ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ အများဆုံးတင်ပို့ လျက်ရှိကြောင်း ကုန်သည်မှတစ်ဆင့် သိရှိရသည်။
ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ(ရှယ်) ကျပ်(၁၈၀၀)၊ လတ်(ကြီး) ကျပ်(၁၇၀၀/၁၆၀၀)၊ လတ်(သေး)ကျပ်(၁၄၀၀/၁၃၀၀)ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဇူလိုင်လ(တတိယ)ပတ်အတွင်း ဆိပ်ဖြူမြို့မှ ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့(၂၀)စီး၊ ပြည်မြို့(၇)စီး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ (၇)စီး၊ မော်လမြိုင်မြို့(၅)စီး၊ မြဝတီမြို့(၁၃)စီး စုစုပေါင်း(၅၂)စီးခန့် နေ့စဉ်(၆/၁၂/၂၄)ဘီး မော်တော်ယာဉ်များဖြင့် ကြက်သွန်နီပျမ်းမျှပိဿာ(၅)သိန်း၊ တန်ချိန်(၃)သောင်းခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)