
၂၀၂၅ ခုနှစ်၏ ပထမ ၅ လတွင် ကမ္ဘောဒီးယားသည် အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်း(GFT)များတင်ပို့ရာမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၆.၁၄ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၃.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာနအောက်ရှိ အကောက်ခွန်နှင့် အခွန်အထွေထွေဦးစီးဌာန၏ တင်ပြချက်အရ သိရပါ သည်။ ကမ္ဘောဒီးယားသည် အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၄.၄၆ ဘီလီယံ၊ ဖိနပ်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၈၃၆ သန်းနှင့် ခရီးသွား ကုန်ပစ္စည်းတင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၈၄၂ သန်းရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ၂၃ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်းနှင့် ၇ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ ကြောင်း သိရပါသည်။ ထိုကဏ္ဍသည် လတ်တလောတွင် စက်ရုံပေါင်း ၁၆၀၈ ခုနှင့် လုပ်သား ၉၁၃၀၀၀ ဦးတို့ပါဝင်ပြီး လုပ်သားအများစုမှာ အမျိုးသမီးများဖြစ်ကြောင်း အလုပ်သမားနှင့် လုပ်သားထုလေ့ကျင့်ရေးဝန်ကြီး Heng Sour ၏ ပြောကြားချက်အရ သိရပါသည်။ Sour က ကဏ္ဍသည် လုပ်သားများ၏ဝင်ငွေရရှိမှုကို ပံ့ပိုးပေးနိုင်ရုံသာမက နိုင်ငံ၏စီးပွားရေးတွင် သိသာစွာ ပူးပေါင်းပါဝင်လျှက်ရှိကြောင်းနှင့် ကမ္ဘောဒီးယားစီးပွားရေးကြီးထွားမှု၏ အားကောင်းသော ကျောရိုးအဖြစ် ရပ်တည်နေကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် ထိုကဏ္ဍသည် အမေရိကန် အကောက်ခွန်နှုန်းများပါဝင်သော ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးအတားအဆီးများမြင့်တက် လာခြင်းထံမှ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျှက်ရှိကြောင်း သိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်နှင့် Secretary of State ဖြစ်သူ Penn Sovicheat က ကမ္ဘောဒီးယားသည် ၎င်း၏ကုန်ထုတ်လုပ်ရာအခြေစိုက်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးရန်အတွက် ပို့ကုန်ဈေးကွက်များကွဲပြားရန် တက်ကြွစွာလုပ်ကိုင်လျှက်ရှိကြောင်း ပြောကြားခဲ့ ပါသည်။ Sovicheat က အမေရိကန်သည် ကမ္ဘောဒီးယား၏အကြီးမားဆုံးပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်ရပ်တည်နေကြောင်းနှင့် သို့သော်တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဒေသတွင်း ဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်အဖွဲ့ပါဝင်သော အခြားဈေးကွက်များသို့ တိုးချဲ့လျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားသည် GFT ကုန်ပစ္စည်းများတင်ပို့ရာမှ တစ်ဆင့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃.၉၂ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏အချက်အလက်များအရ သိရပါသည်။
Khmer Times DOCA (ရန်ကုန်)