
၂၀၂၅ ခုနှစ် ဇွန်လ (၉) ရက်နေ့တွင် သာစည်မြို့နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးမှူးမှဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများအားလုံးပါဝင်သောအဖွဲ့သည် သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာ၊ သစ်တောကြိုးဝိုင်း၊ အပါချီဘီလပ်မြေ စက်ရုံအနီးတွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
သစ်ပင်စိုက်ပျိုးခြင်းသည် ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးခြင်း၊ လေထုညစ်ညမ်းမှုကို ကာကွယ်ပေးခြင်း၊ စွမ်းအင်များ(ထင်း၊မီးသွေး)စသည်တို့ကို လုံလောက်စွာရရှိနိုင်ခြင်း၊ သစ်ပင်များ၏ အရွက်၊ အသီး၊ အခေါက်၊ အမြစ် စသည့်အစိတ်အပိုင်းများကို အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ နေထိုင်စရာတို့ကို ဖန်တီးနိုင်ခြင်း၊ တောရိုင်းတိရိစ္ဆာန် ဇီဝမျိုးစုံတို့ ကျင်လည်ကျက်စားရာ နေရာဒေသဖြစ်ခြင်း၊ သစ်ပင်သစ်တောများသည် သဘာဝဘေးအန္တရာယ်များဖြစ်သော ရေကြီးရေလျှံမှု၊ မြေပြိုမှု၊ မြေတိုက်စားမှု၊ လေပြင်းမုန်တိုင်းများကို အကာအကွယ်ပေးခြင်းတို့ကို ရရှိနိုင်သဖြင့် ဒေသမျိုးရင်း အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့် အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အရိပ်ရ သစ်မျိုးများစသည်ဖြင့် စနစ်တကျ ရွေးချယ်စိုက်ပျိုးသင့်ကြောင်း၊ မိုးရာသီအကြိုနှင့် မိုးရာသီ ကာလများတွင် မြေဆီစိုစိုက် သစ်ပင်စိုက်ပျိုးနိုင်ရန် အပင်ပျိုးမှန်၊ နည်းစနစ်မှန်၊ အချိန်မှန်၊ ပြုစုစောက်ရှောက်မှုမှန်ကန်စွာ စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သစ်ပင်စိုက်ပျိုးခြင်းသည် ထာဝရကုသိုလ်ပြုခြင်းဖြစ်သကဲ့သို့ အကျိုးကျေးဇူးများစွာ ရရှိသဖြင့် “ ပူနွေးကမ္ဘာ တားဆီးရာ ဖြေရှာတစ်ခု တောပြုစု” ဆောင်ပုဒ်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)