Main menu

မုံရွာဈေးကွက်၌ မြေပဲဆံနှင့် မြေပဲဆီ ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာ

Powered by Drupal

         မုံရွာဈေးကွက်အတွင်း၌ ယခင်နှစ်ကထွက်ရှိခဲ့သည့် မြေပဲများ လက်ကျန်နည်းပါးလာသည်နှင့် အမျှ မြေပဲဆံဈေးနှုန်းများမှာလည်း တစ်ရက်ထက် တစ်ရက် မြင့်တက်လျှက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။ ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီများမှာ ဒေါ်လာဈေးမြင့်တက်ခဲ့သည့်အတွက် ဈေးနှုန်းမြင့်တက်လျှက်ရှိကြောင်း၊ စားအုန်းဆီဈေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ ‌ဒေသတွင်းမှ ထွက်ရှိသည့် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီဈေးနှုန်းများမှာလည်း တရိပ်ရိပ်ဖြင့် မြင့်တက်လာခဲ့ကြောင်း ဆီကုန်သည်များထံမှ သိရှိရပါသည်။

          ဒေသတွင်းဈေးကွက်၌ စားအုန်းဆီ၊ မြေပဲဆီနှင့် နေကြာဆီများ၏ ဈေးနှုန်းကွာဟမှု နည်းပါး လာသည့်အတွက် မြေပဲဆီနှင့် နေကြာဆီများကို ဝယ်ယူစားသုံးမှု ပိုမိုများပြားလာကြောင်း၊ ကျန်းမာရေးအရ ညီညွတ်ကောင်းမွန်မှုရှိသလို ထုတ်ပိုးမှုပုံစံနှင့် ဆီအရည်အသွေး ကောင်းမွန်မှုများကြောင့်လည်း ဝယ်ယူသုံးစွဲမှု ပိုမိုများပြားလာကြောင်း၊ လက်ရှိဈေးကွက်အတွင်း၌ မြေပဲဆီတစ်ပိဿာပုံးခွံမပါ (၉၅၀၀-၁၀၀၀၀)ကျပ်၊ ပုံးခွံပါ (၁၁၅၀၀-၁၂၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ ယခင်လ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာ (၁၀၀၀)ကျပ်ခန့် ဈေးမြင့်တက်ခဲ့ကြောင်း ဆီကုန်သည်များထံမှ သိရှိရပါသည်။

          လက်ရှိဒေသအတွင်း၌ မြေပဲလက်ကျန်တဖြေးဖြေးလျော့နည်းလာသကဲ့သို့ ဆီစက်များနှင့် မြေပဲဆားလှော်လုပ်ငန်းများမှ ကုန်ကြမ်းဝယ်ယူမှုများ ပုံမှန်ရှိနေသည့်အတွက် ဈေးဆက်လက်မြင့်တက် နိုင်ဖွယ်ရှိကြောင်း၊ ယခုနှစ်မိုးမြေပဲအသစ်မှာလည်း သြဂုတ်လဆန်းပိုင်းမှ စတင်ထွက်ပေါ်နိုင်မည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့်လက မြေပဲဆံတစ်ပိဿာ (၃၉၀၀-၄၁၀၀)ကျပ်ပေါက်ဈေးဖြစ်ပေါ်ခဲ့ရာ ယခုလတွင် မြေပဲဆံတစ်ပိဿာ (၁၂၀၀)ကျပ်ခန့် မြင့်တက်ခဲ့ကြောင်း ဒေသတွင်း ဆီစက်များနှင့် မြေပဲဆားလှော်လုပ်ငန်းများမှ ကုန်ကြမ်းဝယ်ယူမှုများရှိနေသည့်အတွက် တစ်ရက် အိတ် (၅၀၀) ဝန်းကျင်ခန့် အ‌ရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ကုန်သည်များ၏ပြောပြချက်အရ ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)