
အင်ဒိုနီးရှားဗဟိုဘဏ် Bank Indonesia သည် ၎င်း၏အစိုးရငွေချေးစာချုပ်များကို တိုးမြှင့် ဝယ်ယူကာ ဘဏ်များကို ငွေချေးနှုန်းလျှော့ချရန် တိုက်တွန်းခဲ့ကြောင်း ထိပ်တန်းအရာရှိ တစ်ဦးက ဇွန်လ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။ ဘဏ်အင်ဒိုနီးရှားအုပ်ချုပ်ရေးမှူး Perry Warjiyo က ဇွန် ၁၇ ရက်အထိ ဘဏ်အင်ဒိုနီးရှား၏ စုစုပေါင်းအစိုးရငွေချေးဝယ်ယူမှုသည် ရူပီယာ ၁၂၄.၃၃ ထရီလီယံ ရှိပြီး မေလကထက် ရူပီယာ ၂၇.၉ ထရီလီယံ တိုးလာကြောင်း ပြောကြားခဲ့သည်။ "ငွေကြေးမူဝါဒ ငွေဖြစ်လွယ်မှုကို ချဲ့ထွင်ရန်နှင့် အစိုးရ၏ ငွေကြေးနှင့် ဘဏ္ဍာရေးမူဝါဒများအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်စေရန်အတွက် ဘဏ် အင်ဒိုနီးရှားသည်လည်း အစိုးရ၏ ပြင်ပဈေးကွက်မှ ငွေချေးစာချုပ်များကို ဝယ်ယူသည်" ဟု Perry Warjiyo က ဇွန်လ ၁၈ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဘဏ်များသည် ချေးငွေထုတ်ပေးမှုကို အရှိန်မြှင့်ရန် ၎င်းတို့၏ ချေးငွေနှုန်းကို လျှော့ချရမည်ဟု ၎င်းက အလေးအနက် ပြောကြားခဲ့သည်။ "နိုင်ငံ့စီးပွားရေး တိုးတက် မှုအတွက် လိုအပ်သော အကြွေးဘဏ္ဍာငွေကို ပံ့ပိုးပေးနိုင်သော ဘဏ်ချေးငွေနှုန်းထားများ ဆက်လက်ကျဆင်းနေရန် လိုအပ်ကြောင်း ဘဏ်အင်ဒိုနီးရှားက ယုံကြည်သည်" ဟု Warjiyo မှ ပြောကြားခဲ့သည်။ ဧပြီလ တွင် ၈.၈၈ ရာခိုင်နှုန်းမှ တစ်နှစ်ထက်တစ်နှစ် ချေးငွေ ၈.၄၃ ရာခိုင်နှုန်းသာ တိုးလာသဖြင့် မေလတွင် ချေးငွေတိုးတက်မှု နှေးကွေးခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်တွင် ၄.၆ မှ ၅.၄ ရာခိုင်နှုန်းအထိ တိုးတက်မည်ဟု ဗဟိုဘဏ်က ခန့်မှန်းထားကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)