စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ဈေးကွက်တွင် ချင်းတောင်မှ ထွက်ရှိသည့် ကြက်သွန်နီ၊ အာလူး၊ ပန်းမုန်လာ၊ ဂေါ်ရခါးသီးများနှင့် ခရမ်းချဉ်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ကလေးမြို့ပေါ်ဈေးကွက်တွင် တောင်ပေါ်ဒေသဖြစ်သည့် ဖလမ်းမြို့နယ်၊ ဗားလုံ၊ လုံးဟော့၊ ဇိုင်ဇော်လ်၊ လားသီး၊ လုမ်ဘန်း၊ ပါရ်သဲနှင့် ဘွာလ်ခွါကျေးရွာများတွင် အများဆုံး စိုက်ပျိုးပြီး ကလေးမြို့သို့ အဓိကတင်ပို့ရောင်းချလျက်ရှိပါသည်။ ကလေးမြို့မှတဆင့် ကလေးဝမြို့၊ တမူးမြို့များသို့လည်း တင်ပို့လျက်ရှိပြီး ခရမ်းချဉ်သီးများကို ဒေသတွင်း ဈေးနှုန်းများ ချိုသာပါက မုံရွာမြို့ဈေးကွက်တွင် အရောင်းအဝယ်ကောင်း၍ ဈေးနှုန်းရရှိပြီး တင်ပို့ရောင်းချလျက်ရှိကာ ဈေးနှုန်းမြှင့်တက်သည့်အခါများတွင် အင်းလေးဒေသမှ ထွက်ရှိသည့် ရှမ်းသီးများ ဝက်ရောက်လျက် ရှိပြီး ကလေးမြို့ဈေးကွက်အတွင်း တစ်ပိဿာ ( ၁၈၀၀ ) ကျပ် ပေါက်ဈေးနှုန်းများ ရှိပါသည်။
ကလေးမြို့ပေါ် ဈေးကွက်တွင် ချင်းတောင်ဒေသမှ ထွက်ရှိသည့် သီးနှံရောင်းဈေးနှုန်းများအနေဖြင့် အာလူး တစ်ပိဿာလျှင် ( ၂၂၀၀ ) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ( ၁၇၀၀ ) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ( ၂၀၀၀ ) ကျပ်၊ ပန်းမုန်လာ တစ်ပိဿာလျှင် ( ၃၀၀၀ ) ကျပ်နှင့် ဂေါ်ရခါးသီး တစ်ပိဿာလျှင် ( ၁၀၀၀ ) ပေါက်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း ဒေါ်မိငယ်ကုန်စိမ်းပွဲရုံထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)