Main menu

ပြည်ဈေးကွက်သို့ မိုးနှမ်းအသစ်များစတင်ဝင်ရောက်

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မိုးနှမ်းလျာထား စိုက်ဧကမှာ (၈၂၂၇၉) ဧကရှိပြီး ယခုအချိန်အထိ (၇၂၇၆၈)ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။ ပြည်ဈေး ကွက်သို့ ဇူလိုင်လနောက်ဆုံးပတ်တွင် မိုးနှမ်းအနည်းငယ်ဝင်ရောက်လာနေပြီဖြစ်ပြီး၊ နတ်တလင်း မြို့နှင့် မြန်အောင်မြို့ဘက်ရှိ ကျေးရွာများမှ တစ်နေ့လျှင် အိတ် ၁၀၀/၂၀၀ခန့် နေ့စဉ်ဝင်ရောက် လာနေပြီဟု သိရှိရပါသည်။ မန္တလေးရှိဝယ်လက်များက ပြည်မြို့ရှိ ပွဲရုံများသို့ကွင်းဆင်း၍ ဝယ်ယူ မှုရှိသလို ပြည်မြို့မှလည်း တင်ပို့ရောင်းချခြင်းများလည်းရှိပါသည်။ ယခုအချိန် ဈေးကွက်သို့ ရောက်ရှိလာသော နှမ်းများမှာ နှမ်းနက်များသာဖြစ်ပြီး နှမ်းနီမှာထွက်ပေါ်ချိန်စောသေးသဖြင့် ဈေးကွက်သို့ ဝင်ရောက်မှုမရှိ၍ နှမ်းဆီကြိတ်သည့်ဆီစက်များက လှောင်ထားသည့် နှမ်းနီများကို ဆီကြိတ်၍ရောင်းချကြောင်းသိရှိိရပါသည်။

        ပြည်ဈေးကွက်တွင်ရောင်းချလျှက်ရှိသောနှမ်းဈေးများမှာ ဇူလိုင်နောက်ဆုံးပတ်တွင် နှမ်းနီ (၃) တင်းတစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် ဇူလိုင်လ ဒုတိယပတ်ကအတိုင်းငြိမ်နေပြီး၊ နှမ်းနက် (၃)တင်း တစ်အိတ်လျှင် ၂၂၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်းတစ်အိတ်လျှင် ၂၃၅၀၀၀ကျပ်ဖြင့် ဇူလိုင်လဒုတိယပတ်ထက်စာလျှင် ဝယ်လိုအားများလာသဖြင့် ဈေးနှုန်းများမြင့်တက်လာသည်ဟု သိရှိရပါသည်။ နှမ်းဆီ တစ်ပိဿာလျှင် ၉၅၀၀ကျပ်ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

DOCA(ပဲခူး)