Main menu

စားအုန်းဆီ ဈေးကွက်အသစ်များ ရှာဖွေတင်ပို့မည်ဟု မလေးရှားဝန်ကြီးပြောကြား

Powered by Drupal

      မလေးရှားနိုင်ငံအစိုးရအနေဖြင့် ပထဝီနိုင်ငံရေးပဋိပက္ခများ သက်ရောက်မှုခံရသည့် အဓိက ပို့ကုန်ဈေးကွက်များအပေါ် မှီခိုအားထားနေရခြင်းကို လျှော့ချရန်အတွက် စားအုန်းဆီတင်ပို့မှု စျေးကွက်အသစ်များရှာဖွေရန် ကြိုးပမ်းလုပ်ဆောင်နေသည်ဟု စိုက်ခင်းနှင့်ကုန်စည်များရေးရာဝန်ကြီး Mr. Datuk Seri Johari Abdul Ghani က ပြောကြားခဲ့ကြောင်း The Star သတင်းဌာနက ဇွန်လ ၂၂ ရက်နေ့တွင် ဖော်ပြထားပါသည်။

         အစ္စရေး-အီရန်ပဋိပက္ခနှင့် ရုရှား-ယူကရိန်းပဋိပက္ခများက အချို့သောကုန်သွယ်မှုဇုန်များသို့ ပို့ကုန်တင်ပို့မှုကို အနှောင့်အယှက်ဖြစ်စေကြောင်း၊ လက်ရှိအချိန်တွင် မလေးရှားသည် စားအုန်း ဆီ အပါအဝင် နှစ်စဉ် မ‌လေးရှားရင်းဂစ် ၁၈၆ ဘီလီယံတန်ဖိုးရှိသည့် ပို့ကုန်ပစ္စည်းများကို ကမ္ဘာ့ ဈေးကွက်သို့ တင်ပို့နေသော်လည်း ယခုအခါ လက်နက်ကိုင်ပဋိပက္ခများကြောင့် အဆိုပါဈေးကွက် များ၏ တစ်စိတ်တစ်ဒေသသည် ဘေးအန္တရာယ်မြင့်မားသည့် အခြေအနေရှိသည်ဟု မှတ်ယူနိုင် ကြောင်း၊ သို့ဖြစ်ရာ မလေးရှားနိုင်ငံမှ ထုတ်လုပ်သော စားအုန်းဆီ သို့မဟုတ် ဟင်းချက်ဆီများကို ဝယ်ယူသုံးစွဲမှု မရှိသေးသည့် စျေးကွက်နိုင်ငံအသစ်များကို ရှာဖွေလေ့လာလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်း မလေးရှား၏ ပို့ကုန်အဆင့် တည်ငြိမ်နေစေရေးအတွက် အရေးကြီးပါကြောင်းနှင့် လက်ရှိအချိန်တွင် မလေးရှားသည် နိုင်ငံပေါင်း ၈၀ နီးပါးနှင့် ကုန်သွယ်မှုပြုလုပ်နေပြီး ယခုထက် မက ကုန်သွယ်မှုပိုမိုချဲ့ထွင်ရန် အစီအစဉ်ရှိကြောင်းဖြင့် စိုက်ခင်းနှင့် ကုန်စည်များရေးရာဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

       ကမ္ဘာ့စင်မြင့်ပေါ်တွင် အမျိုးသားပို့ကုန်များကဏ္ဍ ကြံ့ကြံ့ခံရပ်တည်နိုင်ရေးအတွက် ဆီအုန်း စိုက်ခင်းလုပ်ငန်းရှင်များနှင့် လုပ်ကွက်ငယ်တောင်သူများအနေဖြင့် အစိုးရနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်ကြရန်လည်း Mr. Johari က တိုက်တွန်းထားကြောင်း မလေးရှား အမျိုးသားသတင်း အေဂျင်စီတစ်ခုဖြစ်သည့် Bernama သတင်းစာ၌ ဖော်ပြထားသည်။

      နိုင်ငံတကာအဆင့်တွင် စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် စိုက်ပျိုးသူများနှင့် လုပ်ငန်းရှင် များသည် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥရောပဈေးကွက်သည် စားအုန်းဆီ ဝယ်ယူရာတွင် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှုနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာသဟဇာတဖြစ်မှု အလေ့အထများကို ပိုမိုအလေးထားလာကြောင်း၊ ၎င်းစျေးကွက်များသို့ ဝင်ရောက်နိုင်ရန်အတွက် မလေးရှား ဆီအုန်းစိုက်ခင်းများသည် ဥရောပ၏ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိရမည် ဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲရေး စည်းမျဉ်းများကို လိုက်နာပြီး ဇီဝမျိုးကွဲများ ထိန်းသိမ်းမှု ရှိသည်ကို သက်သေပြရမည်ဖြစ်ပါကြောင်း ဝန်ကြီး Johari က မှတ်ချက်ပြုပြောဆိုခဲ့သည်။

      ဝန်ဆောင်မှုကောင်းများ ပေးအပ်ခြင်းနှင့် ဝယ်သူ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း သည် ဝယ်သူအသစ်များကို ရေရှည်ဖောက်သည်များအဖြစ်သို့ ပြောင်းလဲရာတွင် ဦးစားပေး လုပ်ဆောင်ရမည့် အချက်ဖြစ်ပြီး ပေးအပ်သည့်ဝန်ဆောင်မှု ကောင်းမွန်မှသာ မလေးရှားထံမှ စားအုန်းဆီများကို ပိုမိုဝယ်ယူရန် တောင်းဆိုနိုင်မည်ဖြစ်သည်ဟု Mr. Johari က ဆက်လက်ပြော ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Source: The Star, 22nd Jun 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)