
တိုယိုတာကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာရောင်းအားသည် အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန်များ ထူထပ်နေသော်လည်း ဝယ်လိုအား အားကောင်းနေသောကြောင့် မတ်လမှ မေလအထိ သုံးလဆက်တိုက်လစဉ်ရောင်းအားစံချိန်တင်ခဲ့ကြောင်း ကုမ္ပဏီ၏ ပြောကြားချက်အရသိရသည်။ မြောက်အမေရိက၊ တရုတ်နှင့် ဂျပန်တို့တွင် ဟိုက်ဘရစ်မော်တော်ယာဉ်များ၏ ခိုင်မာသော ဝယ်လိုအားကြောင့် တစ်လတာအတွက် ရောင်းချမှုသည် အစီးရေ ၈၉၈၇၂၁ စီးရောင်းချခဲ့ရပြီး ၆.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ဒေသအလိုက်အားဖြင့် အမေရိကန်နိုင်ငံမှ ကားအစီးရေ ၂၄၀၁၇၆ စီးရောင်းချခဲ့ရပြီး ၁၀.၉ ရာခိုင်နှုန်းသို့လည်းကောင်း တရုတ်နိုင်ငံမှ ကားအစီးရေ ၁၄၉၈၈၇ စီးရောင်းချခဲ့ရပြီး ၆.၈ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးမြင့်တက်လာခဲ့သည်။ တိုယိုတာကုမ္ပဏီ၏ ဂျပန်နိုင်ငံတွင် ရောင်းအားသည် စိစစ်ရေးအရှုပ်တော်ပုံများဖြစ်ပေါ်ခဲ့သော ၂၀၂၄ ခုနှစ်ကထက် ကားအစီးရေ ၁၀၆၅၈၆ စီး ရောင်းချမှုမြင့်တက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၄.၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ဂျပန်နိုင်ငံတွင် လုပ်ငန်းလည်ပတ်မှုရက်နည်းပါးခြင်းကြောင့် တိုယိုတာကုမ္ပဏီ၏ ကမ္ဘာတစ်ဝှမ်း ထုတ်လုပ်မှုသည် ငါးလတာအတွင်း အစီးရေ ၈၀၆၆၇၇ စီး၊ ၀.၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံတွင်လည်း ကားထုတ်လုပ်မှုသည် အလုပ်ရက်နည်းပါးခြင်းကြောင့် အစီးရေ ၁၂၀၅၃၉ စီးသို့ ၁.၈ ရာခိုင်နှုန်း ကျဆင်းသွားပြီး ပြည်တွင်းထုတ်လုပ်မှုသည် အစီးရေ ၂၄၁၅၇၀ စီးသို့ ၅.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။
Source: Xinhua
DOCA (ရန်ကုန်)