
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင်သော ဒေသ တစ်ခုဖြစ်သည့်အလျောက် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၎င်း သီးနှံများအနက် ပဲစဉ်းငုံသီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ကျောက်ဆည်မြို့နယ်တွင် (၂၄၇) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာ ဌာန၏ စာရင်းများအရသိရှိရသည်။ ပဲစဉ်းငုံ သီးနှံကို မေလနှင့် ဇွန်လတွင်စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့်မတ်လတွင် စတင် ထွက်ပေါ်မည်ဖြစ်ကြောင်း၊ ပဲစဉ်းငုံစိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်း အားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၃၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ အများဆုံး စိုက်ပျိုးသောမျိုးများမှာ ကြေးနီရောင် တဘက်လှဲမျိုး၊ ရွှေဝါရောင် လုံးသေးဒင်္ဂါးမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ တောင်သူများသည် ပဲစဉ်းငုံမျိုးကို မိမိစိုက်ခင်းမှ မျိုးချန်ပြီး စိုက်ပျိုးမှုရှိသလို စိုက်ပျိုးချိန်ရောက်မှ ပွဲရုံများမှ ဝယ်ယူ၍ စိုက်ပျိုးကြကြောင်း၊ ယခင်နှစ် ပဲစဉ်းငုံဈေးအနေဖြင့် (၁)တင်းလျှင်(၁၀၈၀၀၀/-)ကျပ် ဈေးနှုန်းရှိခဲ့ပြီး အထွက်နှုန်းအနေဖြင့် (၁၀-၁၁)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၇၈၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် မြတ်ခဲ့ကြောင်း ယခုအချိန်တွင် ပဲစဉ်းငုံများထွက်ရှိခြင်း မရှိသေးသော်လည်း ဈေးနှုန်းအနေဖြင့် (၁)တင်းလျှင် (၈၈၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း တောင်သူများမှ ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ သွားရောက်ရောင်းချကြ ကြောင်း ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း ပဲစဉ်းငုံ ထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့် ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင် မည်ဖြစ်ကြောင်း ပဲစဉ်းငုံစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)