
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်လ(၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသောက်ဆိုင်များ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးတို့သည် အစားအသောက် ရောင်းချဝန်ဆောင်မှုပေးသည့် စားသောက်ဆိုင်များအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း၊ အစားအသောက်ချက်ပြုတ်သူနှင့် ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုအား အလေးထားဆောင်ရွက်သင့်ကြောင်း အသုံးပြုသည့် အိုးခွက်ပစ္စည်း ကိရိယာများနှင့် အစားအသောက်များ ထည့်ရန်ပစ္စည်း အသုံးအဆောင်များ သန့်ရှင်းသပ်ရပ်စွာ ထားရှိရေးနှင့် အစားအသောက်များအား ကျက်သည်အထိ သေချာစွာချက်ပြုတ်ရန် လိုအပ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရန် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုများအား သတ်မှတ် ကာလများအလိုက် ဈေးကွက်စောင့်ကြည့် ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)