Main menu

ရောင်းလိုအားမြင့်မားပြီး ကုန်လက်ကျန်များပြားမှုက မလေးရှားစားအုန်းဆီ ဈေးနှုန်းအပေါ် ဖိအားဖြစ်စေ

Powered by Drupal
မလေးရှားနိုင်ငံ၌ စားအုန်းဆီထုတ်လုပ်မှုသည် ဇူလိုင်လတွင် ရာသီအလိုက် အားကောင်းမှု စတင်လာဖွယ်ရှိပြီး အမေရိကန်၏ အကောက်ခွန်နှုန်းထား တိုးမြှင့်သတ်မှတ်ခြင်းကြောင့် ရိုက်ခတ် လာသည့် ၀ယ်လိုအားအရ စျေးနှုန်းယာယီမြင့်တက်လာမှုကို လျော့ပါးစေနိုင်သည်ဟု လေ့လာ ဆန်းစစ်သူများက ပြောကြားခဲ့ကြောင်း The Edge Malaysia သတင်းဌာနက ဇူလိုင်လ ၁၁ ရက် နေ့တွင် ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ၌ စားအုန်းဆီထုတ်လုပ်မှုကျဆင်းခဲ့ပြီးနောက် ကောင်းမွန်သော ရာသီဥတု အခြေအနေကြောင့် သီးနှံရိတ်သိမ်းမှု အမြင့်ဆုံးရာသီတွင် ဆီအုန်းအထွက်ပမာဏ ပြန်လည်ကောင်းမွန်လာမည်ဟုမျှော်လင့်ရကြောင်း၊ စားအုန်းဆီထုတ်လုပ်မှု မြင့်တက်လာခြင်းက ဆီလက်ကျန် ပမာဏကိုပါ မြင့်တက်စေသည့်အတွက် ၁၈ လအတွင်း ဇွန်လ၌ ဆီလက်ကျန် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီးနောက် ဇူလိုင်လတွင်လည်း သိုလှောင်မှုလက်ကျန်ပမာဏသည် ၆ ရာခိုင်နှုန်းခန့် ဆက်လက်တိုးပွားလာဖွယ်ရှိကြောင်း CIMB Securities ငွေတိုက်စာချုပ်နှင့် ရင်းနှီး မြှုပ်နှံမှုကုမ္ပဏီက ပြောကြားခဲ့သည်။ ဆီအုန်း ဆွတ်ခူးရိတ်သိမ်းရသည့် နေ့ရက်များ ပိုမိုများပြားလာခြင်းကြောင့် စားအုန်းဆီ ထုတ်လုပ်မှုသည် ပိုမိုမြင့်တက်လာမည်ဟု ခန့်မှန်းထားပြီး စားအုန်းဆီ တင်ပို့မှုသည် ဇူလိုင်လတွင် စတင်ကောင်းမွန်လာမည့် အပြုသဘောဆောင်သည့် လက္ခဏာဖြစ်ပေါ်လာကြောင်း CIMB အဖွဲ့ က ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏နောက်၌ ကမ္ဘာ့စားအုန်းဆီ ဒုတိယအများဆုံးထုတ်လုပ်သည့် မလေးရှား နိုင်ငံ၏ စားအုန်းဆီတင်ပို့မှုသည် ဇွန်လကထက် ဇူလိုင်လ ပထမ ၁၀ ရက်အတွင်း ၅.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကုန်တင်စာရင်း စစ်တမ်းကောက်ယူရေးနှင့် ဓာတ်ခွဲစမ်းသပ်ရေးဝန်ဆောင်မှု ကုမ္ပဏီ Intertek Testing Services ၏အချက်အလက်များအရ သိရသည်။ ပုံမှန်အားဖြင့် စားအုန်း ဆီ ထုတ်လုပ်မှုသည် ထုတ်လုပ်မှုအမြင့်မားဆုံး ကာလဖြစ်သည့် အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလ မတိုင်မီ၌ တစ်လထက်တစ်လ ပိုမိုအားကောင်းလာလေ့ရှိကြောင်း သိရှိရပါသည်။ ဇူလိုင် ဒုတိယသီတင်းပတ် အစောပိုင်းတွင် မလေးရှားကုန်ပစ္စည်းအားလုံးအပေါ် သွင်းကုန် အခွန် ၂၅ ရာခိုင်နှုန်းတိုးမြင့်ကောက်ခံမည်ဟု အမေရိကန်နိုင်ငံ၏ ကြေညာခဲ့ခြင်းက စျေးကွက် အတွင်း အံ့အားသင့်ဖွယ် ဖြစ်စေခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် အင်ဒိုနီးရှားကုန်ပစ္စည်း အားလုံး အပေါ် အခွန် ၃၂ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ရာ အမေရိကန် စားအုန်းဆီဝယ်လက်များအတွက် ကုန်ကျစရိတ်ကို မြင့်တက်စေသောကြောင့် ပဲပုပ်ဆီကဲ့သို့ စျေးနှုန်းသက်သာသော ပြည်တွင်းထုတ် စားသုံးဆီသို့ ပြောင်းလဲရွေးချယ်မှု ဖြစ်ပေါ်စေကြောင်း ဖော်ပြထားသည်။ ဝယ်ယူသူများသည် အမေရိကန်၏ အကောက်ခွန်နှုန်းထားတိုးမြှင့်ခြင်း မတိုင်မီ မလေးရှား မှ သွင်းကုန်များအပေါ် လက်ရှိလျှော့ချထားသော အကောက်ခွန် ၁၀ ရာခိုင်နှုန်းသာ ပေးဆောင်ရမှု ကို အခွင့်ကောင်းယူလျက် တိုးမြှင့်ဝယ်ယူရန် စဉ်းစားဖွယ်ရှိသည်ဟု CIMB Securities က ပြော ကြားခဲ့သည်။ နှုတ်ခမ်းနီထုတ်လုပ်ခြင်းမှ ဒီဇယ်ထုတ်လုပ်သည်အထိ အားလုံးအတွက် အသုံးပြုသော စားအုန်းဆီ၏ ဈေးနှုန်းများသည် မေလတွင် အနိမ့်ဆုံးသို့ရောက်ရှိခဲ့ပြီးနောက် ယခုလတွင် ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်လာကာ တစ်တန်လျှင် ရင်းဂစ် ၄,၀၀၀ အထက်သို့ မြင့်တက်ခဲ့သည်။ အထူးသဖြင့် စားအုန်းဆီ အဓိကတင်သွင်းသူ အိန္ဒိယနိုင်ငံအပါအဝင် စျေးနှုန်းကို အလေး ထားဝယ်ယူသော ဈေးကွက်များသည် ယခုအခါ ဝယ်လက်ဘက်မှ စောင့်ကြည့်ဝယ်ယူသည့် ချဉ်းကပ်မှုနည်းလမ်းကို ကျင့်သုံးလာသဖြင့် သတိပြုရမည့်လက္ခဏာများ ပြသနေကြောင်းနှင့် ယင်းသို့ စောင့်ကြည့် ဝယ်ယူမှုများသည် ဈေးနှုန်းကို ဆက်လက်ထိန်းထားနိုင်မည်ဟု Phillip Securities အဖွဲ့က ပြောကြားခဲ့သည်။ ကာလတိုတွင် အထောက်အကူပြုခြင်းသည် ကုန်လက်ကျန်ပြန်လည် မြင့်တက်လာခြင်း နှင့် စျေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းရှိခြင်းတို့မှ ပေါ်ထွက်လာခြင်းဖြစ်သော်လည်း စျေးကွက်မတည်ငြိမ်မှု၊ သွင်းအားစုကုန်ကျစရိတ်များ မြင့်တက်လာမှုနှင့် ကုန်သွယ်မှုအပေါ် အနှောင့်အယှက်များဖြစ် ပေါ်နိုင်သည့်အလားအလာရှိမှုအပါအဝင် မက်ခရိုစီးပွားရေးအပေါ် ဆိုးကျိုးအန္တရာယ်များ ပိုမို ဖြစ်ပေါ်နိုင်ခြေရှိသည်ဟု Phillip Securities အဖွဲ့က ထပ်လောင်းပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: The Edge Malaysia, 11th Jul 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)