
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးသို့ မြို့ပတ်ဝန်းကျင် ရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ ညောင်ပင်သာ၊ ရွာတော် စသည့်ကျေးရွာများအပြင် သရက်မြို့၊ တောင်တွင်းကြီးမြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့မှ ဟင်းသီးဟင်းရွက်များ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် နံနံပင်(၁)ပိဿာလျှင် ကျပ်(၅၀၀၀-၅၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လ(ဒုတိယပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၀၀၀၀)ခန့်ကျဆင်းလာကြောင်း သိရသည်။ နံနံပင်ကို မြို့နယ်အတွင်းရှိကျေးရွာများတွင် အများဆုံးစိုက်ပျိုးသော်လည်း ယခင်လတွင် မိုးရွာသွန်းမှုများခြင်း၊ စိုက်ခင်းများအတွင်း မြစ်ရေဝင်ရောက်ခြင်းများရှိ၍ စိုက်ခင်း တချို့ပျက်စီးခဲ့ပြီး အခြားမြို့နယ်များမှ မှာယူရောင်းချရသောကြောင့် ယခင်လတွင် ဈေးနှုန်းမြင့် တက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ပန်းတော်ပြင်၊ ဥယျာဉ်ကျေးရွာများ၌ လှိုင်လှိုင်ထွက်ရှိနေ သောကြောင့် ဈေးနှုန်းမှာပြန်လည်ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)