မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စပါးကိုအဓိကထား စိုက်ပျိုးကြသော်လည်း ကျေးလက်နေတောင်သူများသည် ဆေးဖက်ဝင်အပင် တစ်မျိုးဖြစ်သည့် ဒန့်သလွန်ပင်များကို စီးပွားဖြစ်စိုက်ပျိုးခြင်း၊ မိသားစုတစ်နိုင်တစ်ပိုင်စားသုံးရန်နှင့် အပိုဝင်ငွေရရှိအောင် စိုက်ပျိုးကြပါ သည်။ ဒန့်သလွန်ပင်သည် ရာသီဥတုမရွေးစိုက်ပျိုးနိုင်ပြီး မည်သည့်မြေ အမျိုးအစားမဆိုရှင်သန် ကြီးထွားနိုင်ပါသည်။ ရေမဝပ်သောမြေများတွင် စိုက်ပျိုးပါက ပို၍အောင်မြင် ဖြစ်ထွန်းနိုင်ပါသည်။ ဒန့်သလွန်ပင်ကို အစေ့တိုက်ရိုက်ချ စိုက်ပျိုး၍ရသော်လည်းကောင်း၊ ကိုင်းဖြတ်စိုက်ပျိုးနည်းဖြင့် လည်း စိုက်ပျိုးကြပါသည်။ ကိုင်းဖြတ်စိုက်ပျိုးသော ဒန့်သလွန်ပင်သည် (၂)နှစ်သားအရွယ်တွင် စတင်သီးပွင့်ပါသည်။ (၃)နှစ်(၄)နှစ်သားများတွင် အသီးများ အများဆုံးသီးလေ့ရှိပါသည် ။ အစေ့ချ စိုက်ပျိုးနည်းတူ ယနေ့ခေတ်တွင် (၆)လမျိုးဖြစ်သော ဒန့်သလွန်မျိုးများကိုလည်း စိုက်ပျိုးလာကြ သည်ကိုလည်း တွေ့ရပါသည်။ ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလများတွင် ဒန့်သလွန်သီးများ ဖြိုင်ဖြိုင်သီး သောလများဖြစ်ပါသည်။ အပင်တစ်ပင်တွင် တစ်နှစ်ပတ်လုံး အသီးအတောင့် (၆၅၀) ခန့်ထိ သီးနိုင်ပါ သည်။ ဈေးကွက်အတွင်းတွင် ဒန့်သလွန်သီး (၁၀)တောင့် (၁)စီး လျှင် (၃၀၀)ကျပ်မှ(၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စိုက်ပျိုးမှုများသော ဒန့်သလွန်ခြံများတွင် ဖောက်သည်ဈေး ဒန့်သလွန်သီးများ ကို အတောင့် (၁၀၀)လျှင်(၁၈၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း၊ ဒန့်သလွန်ပင်သည် ဆေးဖက် ဝင်အပင် မျိုးနွယ်ဖြစ်ပြီး တစ်ပင်လုံးအသုံးဝင်ပါသည်။ အရွက်ကို ဟင်းချိုချက်၍ စားသုံး၍ရသလို အပွင့်ကိုလည်း ရေနွေးဖျော၍ လက်သုပ်သုပ်စား၍ ရနိုင်ကြောင်း၊ ဒန့်သလွန်သီးသည် သီးစုံ ပဲကုလားဟင်းချက်ရာတွင် မပါမဖြစ်သော သီးနှံတစ်မျိုးဖြစ်သည့်အပြင် ဒန့်သလွန်အစေ့မှာလည်း သွေးတိုးရောဂါရှိသူများအတွက် အစေ့ကိုဝါးစားပါက ရောဂါထိန်းနိုင်ကြောင်း ၊ ဆေးဖက်လဲဝင် စီးပွားလည်းဖြစ် ဝင်ငွေတိုးသောကြောင့် ဒန့်သလွန်ပင်ကို စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြ အပ်ပါသည်။
DOCA(မန္တလေး)